ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့မှာ မနေ့က ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက ကြံ့ခိုင်ရေးပါတီ၀င်အချို့ရဲ့ ဦးဆောင်မှုနဲ့ လူအင်အား ၅၀၀ကျော်ပါဝင်တဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်း ၆ လထပ်တိုးမှု ထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပွဲအပြီးမှာတော့ စစ်ကောင်စီထောက်ခံပွဲမှာ ပါဝင်သူတွေကို နေ့စားခရှင်းရာမှာ တစ်ဦးကို ကျပ် ၁၀၀၀၀စီ အပြည့်မရတာကြောင့် စကားများရန်ဖြစ်ခဲ့ကြတယ်လို့ ဒေသခံတွေပြောပါတယ်။

“စစ်ကောင်စီောက်ခံပွဲလိုက်တဲ့သူအချင်းချ် ဘယ်လောက်ရလဲမေးရင်းနဲ့ တချို့က တစ်သောင်းရတယ်။ ပြောတာကနေ မရတဲ့လူတွေက သူတို့ကို ငွေရှင်းတဲ့လူကို မေးရင်းနဲ့ ရန်ထဖြစ်တာ။ ရုပ်ပျက်ဆင်းပျက်ပဲ။ ထိုးမယ်ကြိတ်မယ်တွေဖြစ်ကုန်တာ”လို့ မျက်မြင်တွေ့ရှိတဲ့ အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ထောက်ခံပွဲကိုလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး အကုန်လုံးကိုဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် လူစုခွဲသွားကြတယ်လို့ ​​ဒေသခံတွေက ဆိုပါတယ်။

မြောင်းမြမြို့နယ်ရှိ ကျေးရွာအများစုမှ တပ်ထောက်ခံပွဲပါဝင်သူအင်အား ၅၀၀ ကျော်ခန့်ဟာ စကြင်္ာနန္ဒ ဘုရားရှေ့မှစတင်ကာ ၁၁ လမ်း ရှမ်းကုန်ပိုင်းလမ်းထိပ် ဦးဘချိုလမ်းနှင့် ၇ လမ်း ရုံးလမ်းအတိုင်း ​ဗိုလ်ချုပ်ကြေးရုပ်ရှေ့ မှ မြို့မဘောလုံးကွင်းထိ လမ်းလျောက်ချီတက်ထောက်ခံပွဲပြုလုပ်ခဲ့ကြပြီး နေစားခတစ်သောင်းနဲ့ စားသောက်စရာများရရှိတာတွေ့တယ်လို့မြို့ခံတွေကပြောပါတယ်။

မနေ့ကတိုင်းမြို့တော် ပုသိမ်အပါအဝင် ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက အာဏာသိမ်း ၆ လ ထပ်တိုးမှုကို ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြပါတယ်။

#မြောင်းမြ #တပ်ထောက်ခံပွဲ #နေ့စားခ #အပြည့်မရ #စကားများ #ရန်ဖြစ်
#Ayeyarwaddy_Times