ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီလ ၃ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်နိုင်ဖို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးအာဏာကိုစတင်ကျင့်မယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးစနစ်အဖြစ် ကျင့်သုံးမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် ဒေသတွင်း တော်လှန်ရေး လုပ်ငန်းတွေကို ဖော်ဆောင်နေတဲ့ ရေးဘီလူးအဖွဲ့က အာဏာသိမ်းစစ်ကောင်စီဘက်က ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်နေပါစေ ရတဲ့နည်းနဲ့ ဆက်လက်တော်လှန်သွားမယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။
“ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့အုပ်ချုပ်မှုဒေသလို့ပဲမြင်ပါတယ်၊ ပြည်သူတွေဆီက အာဏာကို လုယူထားတဲ့အတွက် အာဏာသိမ်းလိုက်ထဲက ဒီစနစ်ဖြစ်နေပြီ၊ သူတို့ဘယ်လိုပုံစံပဲ အုပ်ချုပ်မယ်ပြောပြော ကျွန်တော်တို့ကတော့ ရတဲ့နည်းနဲ့ တော်လှန်သွားမယ်”လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒါပြင် စစ်အုပ်ချုပ်ရေးစနစ်ကျင့်သုံးမယ့် မြို့အဖြစ်ကြေညာခဲ့တဲ့အပေါ် အခုထက်ပိုပြီး ကြီးမားတဲ့ သက်ရောက်မှုမျိုး ရရှိအောင် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအားကောင်းပြီး စစ်အုပ်စုအထိနာအောင် တိုက်ခိုက်မှုတွေလုပ်ဆောင်ထားနိုင်တဲ့ ရေးမြို့နယ်ကို စစ်ကောင်စီက ဒေသန္တရအုပ်ချုပ်ရေးအဖြစ် ညမထွက်ရအမိန့်ထုတ်ပြန်ထားတာလည်း ၁ နှစ်နီးပါးရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။
ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် ရေးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်နိုင်မှုဟာ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တာကြောင့် ခုလိုမျိုး စစ်အုပ်ချုပ်ရေးထုတ်ပြန်ပေမယ့် စစ်ကောင်စီတပ်သားတွေက ရအောင်ရှင်းလင်း သွားမယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
“ မာရှယ်လောထုတ်ပြန်တဲ့အတွက် ရှေ့ဆက်လုပ်ဆောင်မှုတွေ ပိုခက်ခဲလာမယ်ဆိုရင်တောင် အရာအားလုံးက အခက်အခဲတွေရှိတာမို့ သိပ်တော့ ဂရုမစိုက်တော့ဘူး၊ ကြိုက်တဲ့သူအုပ်ချုပ်ပါစေ အကုန်ပစ်မယ်၊ လက်နက်နဲ့ တိုက်တာနဲ့ စိတ်ဓါတ်နဲ့တိုက်တာတော့ ကွာတယ်၊ ကျွန်တော်တို့ဘက်ကတော့ သူတို့ ဘယ်နေရာမှာနေနေ ရအောင်ရှင်းလင်းသွားမှာပါ”လို့ ရေးဘီလူးက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေကြောင့် စစ်ကောင်စီတပ်သားတွေ အထိနာအကျဆုံးများနေတဲ့ မွန်ပြည်နယ် အတွင်းက ရေးမြို့နယ်နဲ့ ကရင်ပြည်နယ်အတွင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးမြို့နယ်တွေအဖြစ်နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။