ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဖေဖော်ဝါရီလ ၃ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယနေ့ ဖေဖော်ဝါရီ ၃ ရက်‌နေ့၊ နံနက်ပိုင်းက ချင်းအမျိုးသားတပ်မတော်(CNA) နှင့် CDF-Thangtlang ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ များထံက သိရ သည်။

“ထန်တလန်မြို့မှာတော့ စစ်တပ် အာဏာသိမ်းကတည်းက မြို့တွင်းစစ်ဆင်မှုတွေ လုပ်တယ်။ မြို့တွင်းစစ်ဆင်ရေးက နေ့တိုင်းရှိပါတယ်။ ရဲစခန်းတစ်ခုထဲကို ပစ်ခတ်တာမဟုတ်ဘဲ အခုချိန်အထိ တိုက်ခိုက်မှုတွေ နေ့တိုင်း ရှိနေပါတယ်။ ဒီကနေ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာမှာ သေဆုံးထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး”ဟု CJDC(GS) ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က ထန်တလန်မြို့၊ CB ဘဏ်အဆောက် အအုံအတွင်းတွင် စစ်ကောင်စီတပ်သား ခြောက်ဦးကို CNA နှင့် CDF တပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ ဖမ်းဆီးရမိပြီးနောက် စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။