ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်
ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်က ပျူစောထီး ခေါင်းဆောင် ခြံတစ်ရာ မြင့်သိန်း ဆိုသူ သေနတ်နှင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ခြံတစ်ရာမြင့်သိန်း ဆိုသူကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ထန်းတပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) (ဖီးနစ်အဖွဲ့) က ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့ ပစ်ခတ်မှုဖြစ်ပွားစဉ် ခြံတစ်ရာမြင့်သိန်းသည် စစ်ကောင်စီ၏ တပ်စခန်း တပြေးစခန်းထဲသို့ ဝင်ပြေးသွားခဲ့ပြီး ဖီးနစ်အဖွဲ့က လိုက်လံ ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များကလည်း ပြောသည်။
အဲ့ဒီ ပျူစောထီး ခေါင်းဆောင် မြင့်သိန်းက တပြေးစခန်း အနီးမှာ နေထိုင်တဲ့ ပြည်သူပိုင် မြေကွက်တွေကို စစ်တပ်နဲ့ပေါင်း ခြံ ၁၀၀ ကို အဓမ္မသိမ်းယူပြီး ဦးဆောင် လုပ်ကိုင်နေသူလည်း ဖြစ်တယ်။ တော်လှန်ရေး အဖွဲ့တွေရဲ့ သတင်းတွေကို စုံစမ်းပြီး စစ်တပ်ကို ပို့တယ်။ သူ့ကြောင့် အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံရပြီး ထောင်ကျတယ်။ ဒါကြောင့် ကျွန်တော်တို့ ရှင်းလင်းလိုက်တာပါဟု ထန်းတပင်မြို့နယ် ပကဖ (ဖီးနစ်အဖွဲ့) အဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
တပြေးစခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဘက်မှ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖီးနစ် တပ်ဖွဲ့က ပြောသည်။
ထို့ပြင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ထန်းတပင်မြို့နယ် ကင်မွန်းချုံ ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်ဝင်းကို ဆိုသူကိုလည်း ထန်းတပင် ပကဖ အဖွဲ့က သေနတ်နှင့် ပစ်ခတ် ရှင်းလင်းမှု ပြုလုပ် ခဲ့ပါသေးသည်။