ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဖြစ်လာခဲ့တဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းဖို့ အမေရိကန်နိုင်ငံက မဟာမိတ်တွေ၊ မိတ်ဖက်တွေ နဲ့ လက်တွဲဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒါးရက်ချိုလတ်က ပြောကြားပါတယ်။

မြန်မာစစ်တပ် အာဏာသိမ်းမှုနှစ်နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ သ တင်းစာရှင်းလင်းပွဲမှာ ဒါးရက်ချိုလတ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာပြည်သူတွေကို ကူညီဖို့ အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်ကို ထင်ဟပ်စေတဲ့ Burma Act ကို အ တည်ပြုခဲ့သလို ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးပြီး လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့နိုင်ရေး စစ်ကောင်စီ ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဖြစ်လာခဲ့တဲ့ အကျိုးဆက်တွေကို အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အခြား ဒီမိုကရေစီအင်အားစုတွေကို ပိုမိုကူညီ ဖို့ သံန္နိဌာန်ချထားတယ်လို့လည်း ဒါးရက်ချိုလတ်က ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာ့အကျပ်အတည်းအတွက် အများဆုံးလှူဒါန်းတဲ့တိုင်းပြည်ဖြစ်သလို အာဏာ သိမ်းပြီးနောက် မြန်မာနဲ့ အိမ်နီးချင်းတိုင်းပြည်များရှိ အသိုင်းအဝိုင်းများ၊ ခိုလှုံနေသူများကို ဒေါ်လာ သန်း ၅၀၀ နီး ပါး ထောက်ပံ့ခဲ့တယ်လို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံက မြန်မာစစ်တပ်ရဲ့ လက်နက်နဲ့ဝင်ငွေရလမ်းတွေကိုဖြတ်တောက်ဖို့ ကြိုးပမ်းမှာဖြစ်သ လို မြန်မာ့အရေးဖြေရှင်းရာမှာ ဘုံသဘောတူညီချက်ငါးရပ်ကို ခိုင်ခိုင်မာမာ ထောက်ခံတယ်လို့ သူက ဆိုပါတယ်။

ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်တွင်းပြည်ပနေသူတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နည်းလမ်းရှာနေပြီး မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ ဒါးရက်ချိုလတ်က ပြော ပါတယ်။