ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်
၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို လက်ရှိ ဖေဖော်ဝါရီလမှစတင်၍ နောက်ထပ် ၆ လ သက်တမ်းတိုးကာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာ ထပ်မံအပ်နှင်းကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
ကာချုပ် မင်းအောင်လှိုင်လက်ဝယ် အာဏာ ၆ လ ထပ်မံပေးအပ်သည့်နောက် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ကို ပထမဦးဆုံး လျှောက်ထားခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အသစ် ပြင်ဆင်ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေသစ်တွင် ပါတီများပြန်လည်မှတ်ပုံတင်နိုင်ရေး ခက်ခဲစေရန်အချက်များစွာ ထည့်သွင်းထားခဲ့သည်။ အဆိုပါကို စစ်ကောင်စီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက်တွင် ကြံ့ခိုင်ရေးပါတီက မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။
“ကြံ့ခိုင်ရေးပါတီဆိုတာက စစ်တပ်ဘောမနေတဲ့ပါတီပဲ။ သူတို့စစ်တပ်က လူတွေပဲလေ။ စစ်တပ်ရဲ့ပါတီဆိုတော့ ရွေးကောက်ပွဲဝင်ဖို့ အသည်းအသန်ကြိုးစားနေတာ မထူးဆန်းပါဘူး။ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲမှာ သူတို့ ကြံ့ခိုင်ရေးကပဲ အကျင့်ယုတ်ပြီး နည်းလမ်းပေါင်းစုံနဲ့ နိုင်အောင်လုပ်မယ်ဆိုတာ ပြည်တွင်းရော ပြည်ပရော သိပြီးသားပါ။ ဒါကြောင့် အသိအမှတ်မပြုဘူးလို့ ကြိုပြောနေကြတာ။ အဲဒါကိုလည်း အရှက်မရှိ ဇွတ်လုပ်နေကြတာပါပဲ။ ပြည်သူလူထုက ဒီရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တာကို စစ်တပ်ကရော ကြံ့ခိုင်ရေးပါတီကလူတွေပါ မျက်ဝါးထင်ထင် မြင်ရလိမ့်မယ်လို့ ကျွန်မယုံကြည်တယ်”ဟု ပုသိမ်မြို့မှ နိုင်ငံရေးလေ့လာစောင့်ကြည်သူအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီအဖြစ်ပြောင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲဟူသော မဲမသမာမှုများ၊ အငြင်းပွားမှုများစွာဖြင့် ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရအဖြစ် ၅ နှစ် တာဝန်ယူခဲ့သည်။
စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီမှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများအပြား အနိုင်ရဖို့ မျှော်လင့်ခဲ့ပြီး စစ်တပ်နှင့်ပေါင်းကာ အစိုးရဖွဲ့နိုင်ရန် ရည်မှန်းချက်ထားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့်နောက် NLD အစိုးရက မဲလိမ်မဲခိုးသည်ဟု စွပ်စွဲခဲ့ပြီး စစ်တပ်ကိုလည်း အာဏာသိမ်းရန် တိုက်တွန်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအာဏာသိမ်းမှုကိုလည်း ကြိုဆိုခဲ့သောပါတီဖြစ်သည်။
လက်ရှိတွင်လည်း နိုင်ငံတကာမှ အသိအမှတ်ပြုမည်မဟုတ်ကြေင်း ကြိုတင်ပြောဆိုမှုများရှိနေသည့် စစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲဝင်ရန် ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီက အပြင်းအထန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။