ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်
စစ်ကောင်စီရဲ့ အာဏာသိမ်းကာလ သက်တမ်း ၆ လထပ်မံတိုးမြှင့်လိုက်ပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်ရဲ့ စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌနေရာအား ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဦးထိန်လင်းကို ခန့်အပ်ပြီး ဒေါ်အေးနုစိန်မှာ စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
တိုင်းပြည်၏အခြေနေမှာ သာမန်အခြေနေမဟုတ်ဟု ဆိုသောအကြောင်းပြချက်ဖြင့် စစ်ကောင်စီက သက်တမ်း ၆ လတိုးမြှင့်ပြီးနောက် စစ်ကောင်စီ၏ရာထူးတာဝန်အပြောင်းအလဲတွင် ယခင်နယ်လုံဝန်ကြီးဟောင်း ဦးထိန်လင်း (အငြိမ်းစား ဗိုလ်မှူးကြီး)ကို ရခိုင်ပြည်နယ်ကောင်စီဥက္ကဌအဖြစ် ခန့်လိုက်ကြောင်းနှင့် ဒေါ်အေးနုစိန်ကို စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဝင်အဖြစ်ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ရာထူးတာဝန်အပြောင်းအလဲတွင် စစ်တပ်မှ အငြိမ်းစားအရာရှိများပါဝင်လာမှုအပေါ် ရခိုင်ကဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက စစ်ကောင်စီက သက်တမ်းတိုးသည့် ၆ လသက်တမ်း ကုန်ဆုံးချိန်တွင်လည်း ရွေးကောက်ပွဲ ပြုလုပ်ပေးမယ့်အနေထားမျိုး မတွေ့ရဘူးဟု သုံးသပ် ပြောဆိုသည်။
” အခုရခိုင်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်တာက စစ်တပ်ထဲက အငြိမ်းစားယူထားတဲ့ အရာရှိဟောင်း တယောက်ဆိုတော့ သူတို့အနေနဲ့ စီစဉ်ထားတာတွေအများကြီးရှိသေးတယ်လို့မြင်မိတယ်။ပြောချင်တာက ၆ လ သက်တမ်းလေးအတွက်နဲ့ အခုလိုရာထူးတာဝန်အပြောင်းအလဲတွေ လုပ်ဖို့လိုသလားပေါ့။ သူတို့လုပ်ပုံ အရဆ်ိုရင် ၆လပြည့်ရင်လည်း ရွေးကောက်ပွဲကဖြစ်လာမဲ့အနေအထားမျိုးမတွေ့ရဘူး။သက်တမ်းစေ့ပြီးဆိုရင် တိုင်းပြည်အခြေနေကပုံမှန်မဟုတ်ပါဘူးဆိုပြီး ဒီလိုပဲ ၆ လ၊၆လနဲ့ ထပ်တိုးနေမှာပဲ”ဟု သုံးသပ်ပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးထိန်လင်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း နှင့် ယခင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ဒေါက်တာအောင်ကျော်မင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ကြောင်း ယမန်နေ့(ဖေဖော်ဝါရီလ ၁ ရက်နေ့က) အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး၏ဆုံးဖြတ်ချက်အရ လက်ရှိတိုင်းပြည်၏အခြေနေမှာ သာမန်အခြေအနေမျိုး မဟုတ်သည့်အတွက် စစ်ကောင်စီသက်တမ်းကို ၆ လ ထပ်တိုးမြှင့်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီပိုင်သတင်းဌာနများက ကြေညာခဲ့သည်။
ဓာတ်ပုံ – ဗိုလ်မှူးကြီးဟောင်းထိန်လင်းနဲ့ဒေါ်အေးနုစိန်။