ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ဒီကနေ့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက စစ်ကောင်စီရဲ့ အာဏာသိမ်း ၆ လ ထပ်တိုးမှုကို ထောက်ခံပွဲများကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းမြို့တော် ပုသိမ်၊ မအူပင်၊ ဟင်္သာတနဲ့ ဖျာပုံမြို့နယ်တွေမှာ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက စစ်ကောင်စီရဲ့ အာဏာသိမ်း ၆ လ ထပ်တိုးမှုကို ထောက်ခံပွဲများကျင်းပပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” အဓိကမြို့က ကြံဖွတ်ပါတီ၀င်တွေက ဦးဆောင်တာ။ နယ်ဘက်က ငွေပေးခေါ်လာတဲ့သူတွေ ဖြစ်မယ်။ ကားတွေဌားပြီးတင်လာတာ မြို့ပေါ်ကစစ်တပ်ထောက်ခံသူတွေတောင်မပါဘူး။ အင်အား ၅၀ လောက်ရှိမယ်။ သူတို့ထောက်ခံနေတာကိုမြို့ကလူတွေကလှည့်တောင်မကြည့်ဘူး”လို့ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ၆လသက်တန်းတိုးတာကိုထောက်ခံကြောင်း ဗီနိူင်းတွေကိုင်ပြီးဟင်္သာတမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးအနီးကဗိုလ်မြတ်ထွန်းလမ်းပေါ်မှာသုံးပါတ်ပါတ်ပြီ လှည့်ပတ်ဆန္ဒပြခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

ပုသိမ်၊ ဟင်္သာတနဲ့ မအူပင်မြို့နယ်တွေဟာ မနေ့က စစ်ဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့နေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်မှာ မြို့ခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ဒီကနေ့မှာ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက တန်ပြန်အနေနဲ့ စစ်တပ်ထောက်ခံပွဲတွေ ပြုလုပ်ခဲ့တာလို့ ဟင်္သာတမြို့ခံ အမျိုးသမီးတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“မနေ့က အသံတိတ်သပိတ်လုပ်ခဲ့လို့ဆိုပြီး ဒီနေ့မှာ တန်ပြန်အနေနဲ့လုပ်တာ​ဖြစ်နိုင်တယ်။ သူတို့ ဘာလုပ်လုပ် ဘယ်သူကမှ ဂရုမစိုက်ကြဘူး။ ဘယ်သူမှလည်း ထွက်မကြည့်ကြဘူး”လို့ အသက် ၂၀ ဝန်းကျင်အရွယ် ဟင်္သာတမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မနေ့က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီအနေနဲ့ အာဏာသိမ်း ၆ လ ထပ်တိုးတယ်လို့ မနေ့က ညပိုင်းမှာ ဝါဒဖြန့်မီဒီယာတွေကနေတဆင့် ထုတ်ပြန်ကြေငြာထားပါတယ်။