ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဖေဖော်ဝါရီလ ၂ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှစတင်သည့် စစ်ကောင်စီတပ်များနှင့်ဒေသခံတော်လှန်ရေးအဖွဲ့များကြား နှစ်ပါတ်ကြာတိုက်ပွဲအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသများမှ စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ဝန်းကျင်အထိရှိလာခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦးနှင့်အထက် လက်နက်ကြီးထိမှန်ဒဏ်ရရခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း ဘန်းလမွတ်ရွာ၊ မရင်းကြီးရွာ၊ ဗောဒိကမ်းရွာ၊ သမုတ်ချုံးရွာ၊ မော်တုန်းရွာနှင့် ဥယျာဉ်ကမ်းကျေးရွာ စသည့်ကျေးရွာများမှ ပြည်သူ ၂၀၀၀ ကျော်စစ်ရှောင်နေရပြီး လက်ရှိတွင် မရင်းကြီးရွာမှ ရွာလုံးကျွတ်စစ်ဘေးရှောင်တိမ်းနေရကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့နေသည့်အဖွဲ့ထံမှ သိရသည်။

“အဲ့ဒီဘက်မှာကအမြဲတမ်းစစ်ရှောင်ရယ်လို့တော့မရှိဘူး၊ တိုက်ပွဲဖြစ်ရင် နီးစပ်ရာကိုရှောင်ကြတယ်။ မြို့ပေါ်သွားနေတာရှိတယ်၊ တိုက်ပွဲနဲ့ဝေးတဲ့ရွာတွေမှာနေတာမျိုးတွေရှိသည်။ ပိုက်ဆံမရှိတဲ့သူတွေ၊ မသွားနိုင်တဲ့သူတွေကျတော့ တောထဲမှာပဲ တဲထိုးပြီးနေကြတယ်။ ဒီနောက်ပိုင်းတော့ စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့တွေသိပ်မရှိတော့ဘူး။ ရှိတဲ့အဖွဲ့တွေကလည်း ပြည့်စုံအောင်မထောက်ပံ့နိုင်တော့ဘူး။ အလှူရှင်နည်းပါးပြီး လူတွေကလည်း စစ်ရှောင်တွေရဲ့အခက်အခဲကို မသိကြတော့ မလှူကြဘူး” ဟု စစ်ဘေးရှောင်ကူညီထောက်ပံ့နေသည့်အဖွဲ့မှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ဘေးရှောင်ဒေသခံများမှာ ဖုန်းလိုင်းအခက်အခဲများရှိခြင်း၊ လမ်းခရီးအခက်အခဲများကြောင့် ကူညီထောက်ပံ့မှုရရှိခြင်းများနည်းပါးနေပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖြစ်သည့် ဥယျာဉ်ခြံလုပ်ငန်းများ၊ ကွမ်းသီးခြံ၊ ရာဘာခြံလုပ်ငန်းများမှာ တိုက်ပွဲများ‌ကြောင့် ရပ်ဆိုင်းထားရပြီး အများစုမှာ ရာဘာခြစ်၊ ကွမ်းသီးကောက် စသည့်ရရာအလုပ်များသာ လုပ်ကိုင်နေရကြောင်းဒေသခံများထံမှ သိရသည်။

“တိုက်ပွဲအဓိကဖြစ်ခဲ့တဲ့ ရွာတွေကတော့ ဘန်းလမွတ်ရွာ၊ မရင်းကြီးရွာ၊ ဗောဓီကမ်းရွားတို့ဖြစ်ပါတယ်။လက်ရှိ မရင်းကြီးရွာမှ ရွာလုံးကျွတ်ရှောင်နေရတုန်းပါ။ စစ်ရှောင်ဦးရေအတိအကျတော့ကျွန်တော်တို့လဲ သေချာမသိရဘူး။ အခုတိုက်ပွဲမှာတော့ အိမ်မီးရှို့တာမျိုးမရှိဘူး။ လက်နက်ကြီးကျလို့ ဒေသခံအိမ်တွေမီးလောင်ပျက်စီးတာမျိုးတော့ရှိတယ်။” တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဒါ့ပြင် တိုက်ပွဲများအတွင်း တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် ခမရ(၅၅၇)၊ ခမရ(၅၅၈)၊ အမတ (၃၀၆)တပ် စသည့်တပ်များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သမုတ်ချုံးရွာနှင့် ဘန်းလမွတ်ကျေးရွာမှ နေအိမ် ၅ လုံးပျက်စီးခဲ့ပြီး ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးကာ ၁၁ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရခဲ့ကကြောင်း တနင်္သာရီ(ပကဖ)ထံမှ သိရသည်။