နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဖေဖော်ဝါရီလ ၂ ရက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ဘက်မှ ဆားလင်းကြီးမြို့နယ်သို့ စစ်ကောင်စီ တပ်အင်အား ၁၅၀ ခန့်သည် စစ်ကြောင်းပုံစံဖြင့် စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူများ စိုးရိမ်လျက်ရှိကြောင်း ဓားမဆိုင်းတပ်မတော်ထံက သိရသည်။

စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဆားလင်းကြီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“စစ်သားတွေက ပုလဲမြို့နယ်ဘက်ကနေ ဆားလင်းကြီးမြို့နယ်ဘက်ကိုဦးတည်ပြီး ထွက်လာနေကြတာ အင်အား ၁၅၀ လောက်ရှိမယ်။ မနေ့တုန်းက ကျွန်တော်တို့ ဆားလင်းကြီးမြို့နယ်ဘက်က ကျေးရွာအချို့မှာ အသံတိတ်သပိတ်လုပ်တယ်။ ပြီးတာနဲ့ ကျေးရွာအတွင်းလှည့်လည်ဆန္ဒတွေပြတယ်။ ခုမနက်ပိုင်းမှာတော့ စစ်ကြောင်းတွေ က ဆားလင်းကြီးဘက် ဦးတည်လာနေလို့ စိုးရိမ်နေကြရတယ်” ဟု အသက် ၂၅နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း၏ လှုပ်ရှားမှုအခြေအနေကိုကြည့်၍ ပြန်လည်ခုခံတိုက်ခိုက် သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်၏ လှုပ်ရှားမှု့သတင်းများကို အချိန်နှင့်တပြေးညီ လေ့လာစောင့်ဆိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဓားမဆိုင်းတပ်မတော် အထူးတာဝန်ခံ ဗိုလ်ထွဋ်ခေါင်က ဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြိုနယ်အတွင်းရှိ ကျေးရွာများကို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

#ဆားလင်းကြီး #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #စိုးရိမ်နေ
#Ayeyarwaddy_Times