ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ယခင်က ဒုတိယဝန်ကြီးချုပ် တစ်ဦးတည်းသာ ခန့်အပ်ခဲ့ရမှာ ယခုအခါ ဒုတိယဝန်ကြီးချုပ် ၅ ဦးအထိ တိုးမြှင့်၍ ထပ်မံဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဥပဒေပုဒ်ပ ၄၂၅ နှင့်အညီ အရေးပေါ်ကာလ သက်တမ်းကို ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ ခြောက်လ ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာခဲ့ပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌက ၎င်း၏ အာဏာသိမ်း အစိုးရအဖွဲ့ကို ယခုကဲ့သို့ ပြောင်းလဲ ပြင်ဆင် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူထားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်တို့ကို ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
စစ်ခေါင်းဆောင်က ဒုတိယဝန်ကြီးချုပ်အထိ ခန့်အပ်တာဝန်ပေးထားသူ လေး ဦးသည် လက်ရှိ စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ပြီး စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်မှာမူ စစ်ကောင်စီ၏ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်တွင် ဗိုလ်မှူးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ သူတစ်ဦးဖြစ်သည်။
စစ်ကောင်စီဥက္ကဋ္ဌသည် သာမန်မဟုတ်သည့် အခြေအနေဟုဆိုကာ ၆ သက်တမ်းတိုး ရယူခဲ့ပြီးနောက် ယင်းနေ့တွင်ပင် အာဏာသိမ်း ပြည်ထောင်စုအစိုးရ ပြင်ဆင်ဖွဲ့စည်းခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ) ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတို့ကိုပါ ပြုလုပ်ခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ အာဏာသိမ်းအစိုးရတွင် နေရာများ ရွေ့ပြောင်းခန့်ထားခြင်း၊ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး အချို့အနားပေးခြင်း နှင့် အသစ်များထပ်မံ ခန့်အပ်ခြင်းတို့ကိုလည်း ပြောင်းလဲ လုပ်ဆောင်ခဲ့သည်။
အဓမ္မ အာဏာလုယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ထိ ၂ နှစ်တာကာလအတွင်း စစ်တပ်၏ မတရား အာဏာသိမ်းမှုကို ဆန့်ကျင်၍ ကျဆုံးခဲ့ရသူ ၂၉၄၇ ဦး ရှိခဲ့သည်။ ထို့ပြင် မတရား ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၃၇၈၇ ဦးရှိပြီး မတရား ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသူ ၂၂၉၉ ဦးရှိသည်။
ယင်းအပြင် စစ်ကောင်စီက သေဒဏ်ချမှတ်၍ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံ ထားရသူ ၁၀၁ ဦး နှင့် မျက်ကွယ်သေဒဏ် ချမှတ်ခြင်းခံထားရသူ ၄၂ ဦး စုစုပေါင်း သေဒဏ် ချမှတ်ခံထားရသူ ၁၄၃ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။