ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ ”ခေတ်ရှေ့ဆောင်” ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းအချိန်က ကျောင်းခေါင်မိုးပေါ်မှ ကျောင်းသူတစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရှိရသည်။

ယင်းကျောင်းသူ ခုန်ချချိန်တွင် ကျောင်းဆရာတစ်ဦးလည်း လိုက်ပါပြုတ်ကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ခုန်ချတဲ့ မိန်းကလေးက အဲဒီကျောင်းမှာ Grade 10 တက်နေတဲ့သူပါ၊ အသက်က ၁၆ နှစ်ရှိပြီ၊ သူခုန်ချတော့ ဆရာတွေက မခုန်ချဖို့ ဝိုင်းတားနေကြချိန် သူခုန်ချလိုက်ချိန်မှာ ကျောင်းဆရာတစ်ဦးက ၀င်ဆွဲတာ၊ သူပါလိုက်ပါပြုတ်ကျပြီး နှစ်ယောက်လုံးသေတာပါ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

လိုက်ပါပြုတ်ကျသေဆုံးခဲ့သည့် ကျောင်းဆရာသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး ကွန်ပျူတာသင်ကြားသည့်ဆရာဖြစ်ကြောင်းနှင့် နှစ်ဦးလုံးပြုတ်ကျသည့် ဒဏ်ရာဖြင့် ကုတင် ၁၀၀၀ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ခုန်‌ချသေဆုံးခဲ့သည့် ကျောင်းသူနှင့်နီးစပ်သူအမျိုး သမီးတစ်ဦးမှ “သူက အိမ်မှာစိတ်ညစ်စရာတွေရှိတယ်လို့တော့ပြောတယ်။ ခုလိုမျိုးထိဖြစ်မယ်လို့တော့ မထင်ထားဘူး။ ကယ်တဲ့ဆရာက ၅ နာရီထိုးမှာသေတယ်။ ကောင်မလေးက ၅ နာရီ ၂၀ လောက်မှာ သေသွားတယ်”ဟု ဆိုသည်။

ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ‌အဆိုပါ ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ဆက်သွယ်မေးမြန်းသော်လည်း ‌ဆက်သွယ်၍ မရရှိသေးပေ။