ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၃၁ ရက်နေ့ ည ၁၁ နှာရီခန့်က ကာကွယ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အင်အား ၆၀ ခန့်ဖြင့် ကျောက်ရစ်စခန်းမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့က ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၂)တပ်ခွဲ(၁)ထံမှ သိရသည်။

“သူတို့က အဲ့နေ့ကမှ အသစ်ရောက်လာတဲ့သူတွေပါ။ ကျွန်တော်တို့က အဲ့စခန်းအနီး ပတ်လည်မှာ မိုင်းဆင်ထားတာပါ။ သူတို့ထွက်လာတာနဲ့ ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ရှေ့ထွက်ကင်း ၅ ယောက်ထိတဲ့အထဲက တစ်ယောက်တော့ သေသွားတယ်။ သူတို့ကို တိုက်ခိုက်တော့ ထိတဲ့သူတွေ ထမ်းခေါ်သွားပြီး စခန်းကနေ နှာရီဝက်လောက် တရစပ် ရမ်းသမ်းပစ်ကြပေမယ့် ကျွန်တော်တို့ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု မြင်းခြံခရိုင်တပ်ရင်း(၂) စစ်ထောက်အရာရှိ ဗိုလ်မှိုင်းဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်အား အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်၍ လက်နက်ချအလင်းဝင်ကြရန် မြင်းခြံခရိုင်တပ်ရင်း(၂) စစ်ထောက်အရာရှိ ဗိုလ်မှိုင်းဝေက တိုက်တွန်းပြောဆိုထားသည်။

#မြောင် #ကင်းလှည့် #စစ်ကောင်စီ #ရှော့တိုက်ဒုံး #သေဆုံး
#Ayeyarwaddy_Times