ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာမှ ပျူစောထီးဒုခေါင်းဆောင်ဆိုသူ ယမန်နေ့ နံနက်ပိုင်းက နေအိမ်တွင် အသတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာတွင် နေထိုင်သည့် ပျူစောထီးဒုခေါင်းဆောင် ဆန်းတင်ဆိုသူကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ကော့သောင်းမြို့နယ် PDF အဖွဲ့မှ ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီအချိန်ခန့်က ၎င်း၏နေအိမ်သို့ ဓားဖြင့်သွားရောက်ရှင်း လင်းသုတ်သင်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့ ဒီပျူခေါင်းဆောင်ကို နေအိမ်အထိသွားပြီး ဓားနဲ့သွားရောက်ရှင်းလင်းခဲ့တာပါ၊ ရှင်းလင်းအပြီးအပြန်မှာလည်း စစ်တပ်က စစ်ကူရောက်လာတဲ့ အဖွဲ့ကိုလည်း ပဒေသာမိုင်းနဲ့ ထိထိမိမိတိုက်ခိုက်ခဲ့လို့ ထိခိုက်မှုလည်းများပါတယ်။ သေနတ်တောင်ပြန်မပစ်နိုင်ပဲ ဖရိုဖရဲဖြစ်ကုန်ကြတယ်” လို့ ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရှင်းလင်းခံရမှုကြောင့် သေဆုံးသွားသည့် ပျူစောထီးခေါင်းဆောင် ဆိုသူထံမှ M16 A1 နှစ်လက်၊ ကျည်အိမ် ၁ ခုနှင့် ဓား ၃ လက် သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
အခင်းဖြစ်နေရာသို့ တပ်ကူထွက်လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့၀င်များအား နံနက် ၁၁ နာရီခွဲအချိန်တွင် ရှမ်းကိုးရွာ ရွာချင်းဆက်လမ်း အောင်ချမ်းသာကျေးရွာနှင့် ဆိပ်ဖူးရွာကြားတွင် PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဒါ့ပြင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား ၂ စီးဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့၀င် ၈ ဦး ထပ်မံသေဆုံးပြီး ၆ ဦး အပြင်းထန်ဒဏ်ရာရရှိကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။