ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဖေဖော်ဝါရီလ ၂ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်တွင်ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ကြံ့ခိုင်ရေးပါတီ ပေါင်မြို့နယ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုလေးအား အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)မှ သေနတ်သမားတစ်ဦး လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပေါင်းရပ်ကွက်၊ ဘူတာပိုင်းလမ်းတွင်နေထိုင်သည့် ပေါင်မြို့နယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဦးကိုကိုလေးအား ၎င်း၏နေအိမ်တွင် လူတစ်ဦးမှလာရောက် ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” သူ့အိမ်က ဆိုင်ဖွင့်ထားတယ်၊ ပစ်ခတ်ခံရပြီးတော့ သူ့ကိုမော်လမြိုင်ဆေးရုံတင်ဖို့လုပ်သေးတယ်၊ လမ်းမှာသေသွားတာ။ သူက အခုချိန်မှာ အုပ်ချုပ်ရေးပိုင်းမှာ တရားဝင်နေရာတော့မယူထားဘူး။ သူနဲ့တူတူရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအတွက် အမတ်လောင်းတစ်ယောက်တော့ အခုချိန်မှာ မြို့နယ်အုပ်ချုပ်ရေးပိုင်းယူထားတယ်။ အာဏာသိမ်းကာစကတော့ ဒလန်လို့နာမည်ကြီးတယ်။ စရဖတွေနဲ့ပေါင်းပြီး သတင်းပေးတိုင်ကြားတာပေါ့။ ဆန္ဒပြတဲ့သူတွေ၊ တက်ကြွလှုပ်ရှားတွေကို။ အခုတော့အဲ့လို သိပ်မကြားမိတော့ဘူး” ဟု ပေါင်မြို့ခံ အမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပစ်ခတ်ခံရသူ ဦးကိုကိုလေးသည် လက်ရှိတွင် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းများနှင့် ပူးပေါင်းနေပြီးနောက်ကွယ်ကနေ ထောက်ပံ့ကူညီနေခြင်း၊
သတင်းပေးတိုင်ကြားခြင်းများရှိခြင်းကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ဦးကိုကိုလေးသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုပြီးဝင်ရောက်ယှဥ်ပြိုင်ခဲ့သည် ပေါင်မြို့နယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ပေါင်မြို့နယ်တွင် စစ်ကောင်စီထောက်တိုင်များ အကြာခနရှင်းလင်းခံရလေ့ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်ကလည်း ရင်းငြိမ်တောင်ကျေးရွာရှိ ပြည်သူ့စစ်ကျားကြီးဆိုသူအား ရှင်းလင်းရန်သွားစဉ် ၎င်းမရှိ၍ သေနတ်သာသိမ်းယူခဲ့ကြောင်းလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။