နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၂ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင်ပြုလုပ်မည့် စစ်ကောင်စီတပ်ထောက်ခံအတွက် စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူတွေကို တစ်အိမ်တစ်ယောက် မဖြစ်မနေတက်ရောက်ဖို့ ဖိအားပေးခေါ်ယူနေတယ်လို့ သိရပါတယ်။

မအူပင်မြို့တွင် ယနေ့ပြုလုပ်မည့် စစ်ကောင်စီတပ် ထောက်ခံတဲ့ပွဲသို့ လူများများတက်ရောက်ဖို့အတွက် စစ်ကောင်စီခန့်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒေသခံ ပြည်သူတွေရဲ့နေအိမ်တွေကို လိုက်လံပြီး ဖိအားပေးခေါ်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ တပ်ထောက်ခံပွဲလုပ်ဖို့ ဒီ အမှတ် ၈ ရပ်ကွက်မှာတော့ တစ်အိမ်တစ်ယောက် မဖြစ်မနေ တက်ရမယ်ဆိုပြီး လိုက်ပြောတယ်။ ဘယ်သူကမှလည်း စိတ်မဝင်စားလို့ တက်မှာလည်း မဟုတ်ဘူး။ မလိုက်ရင် ဘာလုပ်မယ်ဆိုတာတော့ မသိသေးဘူး”လို့ ဒေသခံ အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ပြုလုပ်မည့် တပ်ထောက်ခံပွဲကို တစ်မြို့လုံးစည်းကားအောင် လုပ်ဖို့ စီစဉ်ထားတာကြောင့် အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက ယခုလို နေအိမ်တွေကို လိုက်လံပြီး မဖြစ် မနေလာဖို့ ဖိအားပေးခေါ်ဆောင်နေတာလို့ ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ထောက်ခံပွဲမတက်ရောက်တဲ့သူတွေကို တစ်အိမ်လျင် ငွေကျပ် ၃,၀၀၀ နှုန်းနဲ့ ဒဏ်ရိုက်သွား မယ်လို့ ပြောဆိုခြိမ်းခြောက်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။