ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဖေဖော်ဝါရီလ ၂ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သား ၅ ဦးမှာ ဇန်နဝါရီလ ၄ ရက် ညပိုင်းက ကင်းစောင့်နေရာမှ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သား ၅ ဦးမှာ တပ်သားသစ်များဖြစ်သောကြောင့် နယ်မြေမကျွမ်းကျင်ကြောင်း၊ ထွက်ပြေးစဉ် ဗိုက်ဆာသဖြင့် တောင်ပယကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ထမင်းတောင်းစားကာ ခေတ္တာခိုနားနေစဉ် ဘုန်းကြီးမှ တိုင်တန်းခဲ့သဖြင့် စစ်တပ်မှ ဇန်နဝါရီလ ၅ ရက် ညပိုင်းတွင် ပြန်လည် ဖမ်းမိခဲ့ကြောင်း သိရသည်။
၎င်းတပ်သား ၅ ဦးအား စစ်ကောင်စီတပ်မှ ပြန်လည်ဖမ်းမိပြီးနောက် မောရ၀တီရေတပ်စခန်းဌာနချုပ်၌ ချုပ်နှောင်ကာ နှိပ်စက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ခလရ ၂၇၃ တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
“သူတို့ကို ဖမ်းမိပြီးတာနဲ့ ရေတပ်ဌာနချုပ်က စစ်ကြောရေးမှာ စစ်ဆေးတယ်။ သူတို့ ၅ ဦးစလုံးကို တစ်လှည့်စီ စစ်ဆေးတယ်။ ရိုက်နှက်နှိပ်စက်တာတွေလည်း လုပ်တယ်လို့ သိရတယ်။ အဲ့လိုနှိပ်စက်စစ်ဆေးပြီးတော့ ဒီကောင်တွေလက်ထဲ သေနတ်အပ်ရင် တပ်ကို ပြန်ပစ်တာတွေ၊ သေနတ်နဲ့ထပ်ပြီး ထွက်ပြေးတာတွေဖြစ်ရင် ပိုဆိုးမယ်ဆိုပြီး နောင်လည်း ထွက်ပြေးမယ့်အတူတူ သတ်ပစ်တာ အေးမယ်ဆိုပြီး သူတို့ ၅ ယောက်စလုံးကို သေနတ်နဲ့ အသေပစ်သတ်လိုက်တာ”ဟု မောရဝတီရေတပ်စခန်းနှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါသည်။
စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည့် စစ်သား ၅ ဦးမှာ တပ်သားအဆင့်ရဲဘော်များဖြစ်ပြီး ၁ ဦးမှာ အိမ်ထောင်သည်ဖြစ်ကာ ၄ ဦးမှာ အိမ်ထောင်မရှိသူ လူပျိုများဖြစ်ပြီး ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း၌ စစ်တပ်က ပစ်သတ်ခဲ့တာဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရပါသည်။
“အဲဒီ စစ်သား ၅ ယောက် တပ်ကနေထွက်ပြေးတာလည်း ဟုတ်တယ်။ ဘုန်းကြီးတိုင်လို့ အဖမ်းခံရတယ် ဆိုတာလည်း အမှန်ပဲ။ သူတို့ပြန်အဖမ်းခံလိုက်ရတဲ့နောက် မောရ၀တီရေတပ် ဌာနချုပ်မှာ စစ်ဆေးနေတဲ့အထိ သိရတယ်။ တပ်ထဲမှာ ကျွန်မတို့အသိတွေရှိနေတော့ မေးလို့ရတယ်။ တပ်က ဖမ်းဆီးစစ်ဆေးတဲ့နောက်ပိုင်း သူတို့ဘာဖြစ်သွားတယ်ဆိုတာ သတင်း မကြားရတော့ဘူး။ အဲ့စစ်သား ၅ ယောက်သတင်းက အစအနကို ပျောက်သွားတာ”ဟု ကံပေါက်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကံပေါက်ဒေသအခြေစိုက် အမှတ် (၂၇၃) ခြေလျင်တပ်ရင်းမှာ မောရဝတီ ရေတပ်ဌာနချုပ်၏ ထိမ်းချုပ်ကွပ်ကဲမှုအောက်တွင်တည်ရှိသည့် စစ်တပ်ဖြစ်သည်။ ခလရ (၂၇၃) တပ်ရင်းနှင့် မောရဝတီရေတပ်ဌာနချုပ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မကြာခဏဆိုသလို ထွက် ပြေးမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင်လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ငှက်ဖျားမိ၍ အပြင်းအထန် ဖျားနာနေသူ စစ်သား ၂ ဦးနှင့် ဒဏ်ရာရသူ စစ်သား ၂ ဦးတို့ကို စစ်တပ်က ၎င်းတို့ကိုယ်တိုင် ပြန်လည်သတ်ဖြတ်၍ အလောင်းများကို လမ်းတွင်ဖြစ်သလို ပစ်ထားခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။