ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို လက်ရှိ ဖေဖော်ဝါရီလမှစတင်၍ နောက်ထပ် ၆ လ သက်တမ်းတိုးကာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာ ထပ်မံအပ်နှင်းကြောင်း စစ်ကောင်စီ၏ဝါဒဖြန့်သတင်းမီဒီယာများ၏ထုတ်ပြန်ချက်အရ သိရသည်။

ကာ/လုံ အစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက်နေ့တွင် နေပြည်တော်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ရုံးတွင် ပြုလုပ်ခဲ့ပြီးနောက် ကာ/လုံအစည်းအဝေးက ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အဆိုပါ ကာ/လုံအစည်းအဝေးတွင် မြန်မာနိုင်ငံ၏အခြေအနေမှာ သာမာန်မဟုတ်သည့်အခြေအနေတွင် ရှိနေသေးသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၂၅ အရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ နောက်ထပ် ၆ လသက်တမ်းတိုးပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာ ၆ လ ထပ်မံအပ်နှင်းကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်းရှိ/မရှိကို ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော် ဖွဲ့စည်းပုံခုံရုံးသို့ သဘောထားတောင်းခံခဲ့ရာ ယင်းဆုံးဖြတ်ချက်သည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ညီညွတ်မှု ရှိကြောင်း ခုံရုံးက အကြောင်းပြန်ခဲ့သည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့ကတော့ အာဏာရူးနေတော့ အာဏာရှင်တွေရဲ့ အကျင့်အတိုင်း ကလိမ်ကကျစ်နည်းမျိုးစုံနဲ့ အာဏာကို ဆက်ယူနေမှာပါပဲ။ ဒါတွေက ရိုးနေပါပြီ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ လမ်းစဉ်အတိုင်း ဆက်ပြီး တိုက်ပွဲဝင်မယ်၊ သူတို့ကျဆုံးရေး၊ အာဏာရှင်စနစ်ကျဆုံးရေး အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ”ဟု Golden Eagle PDF ခေါင်းဆောင် ဗိုလ်တောင်ကြီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ပြုလုပ်ခဲ့သည့် ကာ/လုံအစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အာဏာသိမ်းစစ်ခေါင်းဆောင် ကာ/ချုပ် မင်းအောင်လှိုင်၊ ဒုကာချုပ် စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီး ထွန်းထွန်းနောင်တို့အပြင် စကစကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဘက်အတွင်းရေးမှူး ရဲဝင်းဦးနှင့် ရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှာ ကျန်မာရေး အခြေအနေကြောင့် ကာ/လုံ အစည်း အဝေး မတက်ရောက်နိုင်ခြင်းမရှိဘဲ ခွင့်တိုင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။