ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်
အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထု၏ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် – Silent Strike ကို အလွန် အင်မတန် ကြောက်ရွံ့သည်။ ထို့ကြောင့်လည်း ဇန်နဝါရီလနောက်ဆုံးပတ်ကစတင်၍ အသံတိတ်သပိတ် ပျက်စေဖို့ စစ်ကောင်စီက မြို့ကြီးအသီးသီးမှာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသည်။
စျေးဆိုင်တွေဖွင့်ဖို့ စျေးသည်တွေကို ဖိအားပေးသည်၊ ခြိမ်းခြောက်သည်၊ ဒဏ်ငွေရိုက်ပြီး ဖမ်းမည်ပြောသည်။ ကားနှင့်ဆိုင်ကယ်တွေ အပြစ်ရှာဖမ်းဆီးသိမ်းဆည်းကာ ဖေဖော်ဝါရီ ၁ ရက်နေ့ လာရွေးခိုင်းသည်။ လမ်းမပေါ်မှာ လူစည်ကားစေဖို့ဖြစ်သည်။ ဇန်နဝါရီလ ၃၁ ရက်ညနေပိုင်းမှာ မြို့ရွာအသီးသီးမှာ ဆိုင်တွေဖွင့်ဖို့၊ ပုံမှန်အတိုင်း သွားလာကြဖို့ လော်စပီကာဖြင့် လိုက်အော်သည်။ လူစည်စေရန် လမ်းမပေါ်မှာ တပ်မတော် ထောက်ခံပွဲ လုပ်သည်။
စစ်ကောင်စီက မည်သို့ပင် တားမြစ်ခြိမ်းခြောက် ပိတ်ပင်သည်ဖြစ်စေ မြန်မာနိုင်ငံရှိ မြို့ရွာအသီးသီးမှ သန်းနှင့်ချီသော ပြည်သူများမှာ တော်လှန်ရေးအင်အားစုများ၏ဦးဆောင်မှုနှင့်အတူ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အာဏာရူးနေသော မြန်မာ စစ်ခေါင်းဆောင်များကို မိမိတို့ သွေးမအေးကြောင်း လူထုက စုစည်းညီညွတ်စွာ သက်သေပြခဲ့ခြင်း ဖြစ်သည်။
မြန်မာပြည်သူလူထုသည် ရှေ့က ပြုလုပ်ခဲ့သော တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် ၂ ခုတွင်လည်း အင်တိုက် အားတိုက်ပါဝင်ခဲ့ကြသည်။ ယနေ့တွင်လည်း ဖိနှိပ်ခြိမ်းခြောက်မှုများကြားမှ မိမိတို့ စစ်အာဏာရှင်စနစ်ကို လုံး၀ အလိုမရှိကြောင်း ၎င်းတို့သဘောထားဆန္ဒကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အကျယ်လောင်ဆုံး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အကယ်၍ ယနေ့သာ စစ်ကောင်စီကျင်းပသည့် ရွေးကောက်ပွဲနေ့ဖြစ်နေခဲ့လျှင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရူးပင်ရူးသွားနိုင်လောက်သည့် သွေးစည်းညီညွတ်မှုဖြစ်သည်။ စစ်တပ်သည် အာဏာသိမ်းချိန် ကတည်းက လူထု၏ရဲစွမ်းသတ္တိကြောင့် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ ယနေ့ ပြည်သူများ နိုင်ငံတဝှန်း ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်မှာလည်း စစ်တပ်ရှုံးနိမ့်ပြီဖြစ်ကြောင်း ထပ်မံထင်ရှားခဲ့သည့် နိုင်ငံရေးသက်သေတစ်ခု ဖြစ်သည်။
နိုင်ငံတစ်ခု၏ကံကြမ္မာကို ပြောင်းလဲနိုင်သည့်အင်အားက ထိုနိုင်ငံ၏ပြည်သူများတွင်သာ တည်ရှိသည်။ လူထု ချစ်မြတ်နိုးသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သော “ပြည်သူသာလျှင် အဓိက”ဟူသည့်စကားရပ်က ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ ချီတက်ဖို့ အတိုဆုံး၊ အရှင်းဆုံးနှင့် အထိရောက်ဆုံး အမှာစကားဖြစ်သည်။
ယခုလည်း မြန်မာပြည်သူလူထုသည် စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကတည်းက “လုံး၀အုပ်ချုပ်ခွင့် မရစေရ”ဟူ၍ ကြွေးကြော်ပြီး စစ်အုပ်စုကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ဆန့်ကျင်ခဲ့သလို ယခု အချိန်အထိလည်း နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ဆန့်ကျင်နေဆဲ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် ပြည်သူလူထု၏ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ခုခံနေမှုကြောင့် ၂ နှစ်ကြာသည်အထိ မြန်မာပြည်ကို အုပ်ချုပ်၍ မရဘဲဖြစ်နေသည်။ စစ်အာဏာသိမ်းမှုမှာလည်း ၂ နှစ်ကြာသည်အထိ အောင်မြင်ခြင်း မရှိပေ။ နောင်လည်း အောင်မြင်မည့် အလားအလာ မရှိပေ။
“ပြည်တင်းလျှင် မင်းမခံနိုင်”ဟူသော ရှေးဆိုရိုးစကား ရှိသည်။ ယခုလည်း မြန်မာလူထု၏ဖက်ဒရယ် ဒီမိုကရေစီအတွက် ပေးဆပ်ရင်းနှီးမှုများစွာဖြင့် ခုခံတော်လှန်မှုကြောင့် အာဏာသိမ်း စစ်အုပ်စုမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတို့တွင် အဖက်ဖက်က ကျရှုံးနေသည်။
၎င်းတို့အတွက် နိုင်င့ရေးထွက်ပေါက်ပင် မရှိသလောက် နည်းပါးနေပြီဖြစ်သည်။
တိုင်းပြည်အပေါ် နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့်ဗိုလ်ကျ လူပါး၀ ဂုတ်သွေးစုပ်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်စနစ်ဟူသော သစ်ပင်အိုကြီးသည် လူထုအင်အားဖြင့် တွန်းဖြိုမှုကြောင့် ယိုင်နဲ့ကာ ပြိုလဲလုလုဘ၀ ရောက်နေပြီဖြစ်သည်။
မြန်မာပြည်သူလူထုသည် ယနေ့ပြုလုပ်ခဲ့သော အသံတိတ်သပိတ်အတိုင်း သတ္တိရှိမှု၊ ရဲရင့်မှုနှင့် သွေးစည်း ညီညွတ်စွာ ဆက်လက်ခုခံတော်လှန်မည်ဆိုပါက မဝေးတော့သောကာလတွင် မြန်မာနိုင်ငံ၌ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ ဆွဲနှုတ်ပစ်နိုင်မည်မှာ ကျိန်းသေမုချပင်ဖြစ်သည်။