နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် လျှပ်စစ်မီးမသုံးရ အမိန့် စစ်ကောင်စီကထုတ်ပြန်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဒဏ်ငွေရိုက်အရေးယူတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မအူပင်မြို့ပေါ်ရှိ ရပ်ကွက်တွေကို ဇန်နဝါရီလ (၃၀) ရက်နေ့ တစ်ရက်ထဲ လျှပ်စစ်မီးမသုံးရ အမိန့်ထုတ်ပြန်ပြီး သုံးစွဲတဲ့ ပြည်သူတွေကို ဒဏ်ငွေ (၃၀၀၀) ကျပ် ဒဏ်ရိုက်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တောင်းယူနေတာလို့ ဒေသခံတွေကပြောပါတယ်။
” မအူပင်မြို့ အမှတ် (၁၁)ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဖိုးထူး (ခ) ဦးအေးချိုနဲ့ ရပ်ကွက်အရန်မီးသတ် ဦးလွင် ဦးဆောင်တဲ့အဖွဲ့က နံနက် ၁၁ နာရီကျော်ရင် လျှပ်စစ်မီးမသုံးရဘူးဆိုပြီး ၃၀ ရက်နေ့က လိုက်အော်တာ နောက်နေ့ဒဏ်ရိုက်တာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဖိုးထူး (ခ) ဦးအေးချိုဦးဆောင်တဲ့အဖွဲ့က နေအိမ်တွေကို လိုက်လံ စစ်ဆေးပြီး လျှပ်စစ်မီးသုံးစွဲမိတဲ့ ပြည်သူ ၃၁ ဦးကို ဒဏ်ရိုက်အရေးယူတာတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူး ဦးဖိုးထူး(ခ)ဦးအေးချိုးဟာ စစ်ကောင်စီကခန့်ထားတာ (၃)လ ကျော်သာရှိပြီး စစ်ကောင်စီအလိုကျ ပြည်သူတွေဆီကငွေကြေးတောင်းယူနေတာဖြစ်ပြီး မအူပင်မြို့မှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီး နိုင်လွင်အမိန့်နဲ့ လုပ်ဆောင်နေတာလို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။