ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က စစ်ဘေးရှောင် စခန်းတချို့မှာ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရကြောင်း သိရသည်။

ကျောက်တော်မြို့ပေါ်က လူဦးရေ ၉၀၀ ကျော်ခိုလှုံနေသည့် မီးရထားဘူတာ စစ်ဘေးရှောင်စခန်းနှင့် လူဦးရေ ၄၀၀ နီးပါး ရှိသည့် မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ ယခင်က စခန်းအနီးရှိ မြေသင်းကန် ၄ ခုမှ ရေကို ဝေမျှ သုံးစွဲနေခြင်းဖြစ်ရာ အဆိုပါရေကန်များမှာ ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းမှစတင် ခမ်းခြောက်လာနေသည့် အတွက် သောက်သုံးရေ ရှားပါးလာခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောပြသည်။

ထို့ကြောင့် စစ်ဘေးရှောင်များမှာ ဗွက်အိုင်သာသာ ကျန်ခဲ့သည့် ရေအိုင်မှရေများကို ခပ်ယူ သုံးစွဲရသည်ဟု မီးရထား ဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်တစ်ဦးကလည်း ပြောသည်။

“ကန်ကခမ်းသွားတော့ ကျန်ခဲ့တဲ့ရေကိုပဲ အဆင်ပြေသလိုသုံးရတယ်။ မသန့်ရှင်းလည်း သုံးရတာပဲ။ တချို့ကလေးတွေဆို ဝမ်းရောဂါ ဖြစ်တာတွေလည်း ရှိတယ်။ ဒါကြောင့် ကျနော်တို့ အဖွဲ့အစည်းတွေဆီကို အကူအညီတောင်းလိုက်တော့ INGO ကနေပြီး ကုလားတန်မြစ်ကနေ ရေတင်ဖို့အတွက် စက်တော့လှူတယ်။ ကျန်တဲ့ ဆီဖိုးတွေ၊ ပိုက်ခတွေတော့ ကျနော်တို့တွေ ရှိတာလေးနဲ့ အကုန်ဝိုင်းဝန်းပြီး ခံရတယ်။ လတ်တလောမှာတော့ မြစ်ကတင်တဲ့ရေကို ချွေတာပြီး သုံးနေတယ်”ဟု ၎င်းက ပြောပြသည်။

ယခုမြစ်ကနေ ရေတင်သော်လည်း နွေရာသီ ရေခမ်းချိန်ကို စိတ်ပူပန်ကြောင်း၊ စက်နှင့် နေ့စဉ် တင်ပေးနိုင်ရန် အတွက်လည်း ဆီဖိုး အခက်အခဲ ရှိကြောင်း၊ လက်ရှိ ကုလားတန်မြစ် အတွင်းမှ စက်နှင့် တင်သည့် ရေများမှာလည်း သုံးရန်အတွက်သာ အဆင်ပြေပြီး သောက်ရန် အဆင်မပြေသောကြောင့် စစ်ဘေးရှောင်များမှာ မြို့ထဲမှ ရေသန့်များဝယ်၍ သောက်နေရကြောင်းလည်း စစ်ဘေးရှောင်များက ပြောသည်။

အခြားသော စစ်ဘေးရှောင် တစ်ဦးကလည်း“မြို့ပေါ်ကလူတွေ မလုပ်ချင်တဲ့ အလုပ်ကိုမှ ကျနော်တို့က လုပ်ပြီး ဝမ်းရေး အတွက် ရုန်းကန်နေရတာ။ ရလာတဲ့ငွေနဲ့လည်း ထမင်းကိုတောင် ဟင်းကောင်းကောင်းနဲ့ စားနိုင်ကြတာ မဟုတ်ဘူး။ ဒီလို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ကြားထဲ ရေကိုပါ ဝယ်သောက်ရတယ် ဆိုတဲ့ အနေအထားမျိုးက ကျနော်တို့ စစ်ဘေးရှောင်တွေ အတွက် အရမ်းခက်ခဲပါတယ်။ ရေက မသောက်ဘဲနေလို့လည်း မရဘူးလေ။ ဒါကြောင့် အဆင်မပြေလည်း ဝယ်သောက်ရတာပဲ။ အလှူရှင်တွေအနေနဲ့ သောက်ရေအတွက် အဆင်ပြေအောင်တခုခု ကူညီ ပေးရင်တော့ ဝမ်းသာစရာပေါ့။ ကျနော်တ်ု့ိ ဝမ်းရေးအတွက်လည်း မကျပ်တည်းတော့ဘူး”ဟု ပြောဆိုသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ်ရှိ တင်းမကြီး၊ တင်းမသစ်၊ မာလာ၊ မျောက်တောင်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ် နှမဒါကျေးရွာမှ ဒေသခံများဖြစ်ကြပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အတွင်းကနေ စစ်ဘေး တိမ်းရှောင် လာကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း ကျေးရွာအနီး စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်မှု၊ နေအိမ်များ မီးရှို့ဖျက်ဆီး ခံခဲ့ရမှုတို့ကြောင့် နေရပ်များသို့ မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင် စခန်းများတွင် ခက်ခဲ ကျပ်တည်းစွာ ရုန်းကန် ဖြတ်သန်းနေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

#ကျောက်တော် #စစ်ဘေးရှောင်စခန်း #သောက်သုံးရေ #အခက်အခဲ
#Ayeyarwaddy_Times