ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပြီးခဲ့သည် ဇန်နဝါရီ ၃၀ရက် ၊ ည ၇ နာရီခန့်က စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး၏ မွေးနေ့ပွဲကျင်းပနေစဉ် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များ သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး ကြောင်း သိရသည်။

မြိုင်မြို့နယ်အနောက်ဘက် ကိုးဆောင်ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်သား အင်အား ၃၀ခန့်သည် စစ်ကောင်စီအရာရှိ၏ မွေးနေ့ပွဲပြုလုပ်နေစဉ် ကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘာမထီ ပြောက်ကျား တပ်ဖွဲ့ထံက သိရသည်။

“သူတို့က ကိုးဆောင်မှာ အရာရှိတစ်ဦးရဲ့မွေးနေ့ ကျင်းပနေတယ် ကြားလို့ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့ အချက် ၃၀ ကျော် သွားရောက် ပစ်ခတ်ခဲ့တာ။ သူတို့ထဲက နှစ်ဦးတော့ သေလောက်မယ့် အနေထား ဖြစ်သွားပြီ။ အများအပြားလည်း ဒဏ်ရာရသွားတယ်။ သူတို့ဘက်က ပြန်လည် ပစ်ခတ်ပေမယ့် ကျွန်တော်တို့အဖွဲ့တွေ အထိခိုက်မရှိ ပြန်လည်ထွက်ခွာနိုင်ခဲ့တယ်။ ကျွန်တော်တို့က သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အတွက် လက်နက်မပြည့်စုံပေမယ့် လက် နက်ကြီး ထောက်ကူပစ်ကို ဒီထက်အရှိန်မြင့်ပြီး တိုက်ခိုက်သွားမယ်” ဟု ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုဂျမ်းတုံးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့၊ မြိုင် (ပကဖ) တပ်ရင်း(၁)၊ ဗိုလ်မိုက်ခဲအဖွဲ့၊ သံမဏိလိပ်ပြာအဖွဲ့နှင့် အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။