ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့က ဒလန်အမျိုးသမီး မဖြူသဇင် ရှင်းလင်းခံရမှုကို လာရောက်စုံစမ်းသည့် တပ်မ (၃၃) မှ နှစ်ပွင့်ဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး မောင်းနှင်လာသော ကားကိုယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦး စလုံးသေဆုံးခဲ့ကြောင်း မြေအောက်လျှပ်စီး ပြောက်ကျား အဖွဲ့ထံက သိရသည်။

ဆားတောင်မြို့နယ်တွင် စစ်ကောင်စီ သတင်းပေးလုပ်နေသည့် ဒလန် အမျိုးသမီးကို မြေအောက်လျှပ်စီး ပြောက်ကျား တပ်ဖွဲ့ မှ ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ကရှင်းလင်း ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဒလန်အမျိုးသမီး ရှင်းလင်းခံရသည်ကို စုံစမ်းရန် ထွက်ခွာလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးပါ ဟွန်ဒါဖစ်ကားကို မြေအောက်လျှပ်စီး ပြောက်ကျား တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အားလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဒီကောင်တွေလာမယ် ဆိုတာ ညကတည်းက သိတာပါ။ ဒီကောင်တွေက သေချင်တော့ ကွမ်းဝင်ထုတ်တာ။ အကုန်လုံး အရပ်ဝတ်တွေနဲ့။ အုန်းတောအဖွဲ့ရဲ့ ပွိုင့် ကိုကျော်ပြီးမှ သိတာ။ ဒါကြောင့် ကျွန်တော်တို့ ပွိုင့်အရောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာ။ ကားပျက်စီးတယ်၊ လူတွေလည်း အကုန်သေပါတယ်“ ဟု မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်မ (၃၃) မှ နှစ်ပွင့်ဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး စီးနှင်းလာသည့် ဟွန်ဒါဖစ်ကားကို အုန်းတောပိုင်းလမ်းနှင့် ဆားတောင်လမ်းပိုင်းကြားတွင် လက်လုပ်မိုင်း သုံး လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပျက်စီး၍ ကားပေါ်ပါသူ အားလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သားများအား မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့က ကားထဲတွင်ထည့်၍ မီးရှို့ခဲ့ကြောင်း သိရသည်။

မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့သည် စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရာတွင် လက်လုပ်သေနတ်များဖြင့်သာ တိုက်ခိုက်နေရသဖြင့် တာဝေးမပြေးခြင်း ၊ ဂျမ့်ဖြစ်ခြင်း စသည့် အခက်ခဲများရှိနေပြီး အော်တိုမောင်းပြန် သေနတ်များရရှိနိုင်ရန်အတွက် ပြည်သူများမှ ပါဝင်ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။