ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လည်ပိုင်းက ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး ခံရအောင် စစ်ကောင်စီကို သတင်းပေးလမ်းပြလုပ်နေတဲ့ ဖြူသဇင်ကို ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးရဲ့ သတင်းပေး လမ်းပြမှုကြောင့် ပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“ သူ့ကြောင့် ရဲဘော် ၂ ယောက်အဖမ်းခံခဲ့ရတယ်၊ ဒါကြောင့် သူ့ကို လွန်ခဲ့တဲ့ ၆ လလောက်ထဲက သတိပေးခဲ့ပါတယ်၊ ဒါကို နားမထောင်ဘဲ ဆက်သတင်းပေးလုပ်နေတာ၊ ဒါကြောင့် သူနေတဲ့ တောမှာ သွားရှင်း ခဲ့တာပါ”လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီသတင်းပေး လမ်းပြလုပ်ပေးနေသူ အမျိုးသမီးဟာ စစ်ကောင်စီက သေနတ်ထုတ်ပေးထားတဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လလောက်ထဲက သတင်းပေး မလုပ်ဖို့အတွက် သတိပေးထားခံရသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီသတင်းပေးရှင်းလင်းတာတွေကို ဆားတောင်မြို့မှာ ၂၀၂၂ ခုနှစ်အတွင်း ဇွန်လ ၁၉ ရက်နေ့က သတင်းပေး ၁ ဦးနဲ့ စက်တင်ဘာလ ၈ ရက်နေ့ သတင်းပေး ၁ ဦးကို မြေအောက်လျှပ်စီးပြောက်ကျား တပ်ဖွဲ့အနေနဲ့ ရှင်းလင်းနိုင်ခဲ့သလို လက်ရှိအချိန်မှာတော့ မောင်းပြန်သေနတ်အမျိုးအစားတွေ လိုအပ်နေတယ် လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။