ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဖလမ်းမြို့နယ် ပညာရေးမှူးရုံး၌ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက Non-CDM ဝန်ထမ်းများကို လစာပေးရန် အစည်းအဝေးလုပ်နေစဉ် ဓားပြတိုက်ခံခဲ့ရပြီး ဝန်ထမ်းများကိုပေးမည့် လစာငွေကျပ်သိန်း ၈၀၀ ကျော် ပါသွားကြောင်း သတင်းရရှိသည်။
ဖလမ်းမြို့နယ်၊ ပညာရေးမှူးရုံး၌ နံနက် ၁၁ နာရီကျော်အချိန်က မြို့နယ်ပညာရေးဌာန တာဝန်ရှိသူများ ဦးဆောင်၍ အစည်းအဝေးလုပ်နေစဉ် မျက်နှာဖုံးစွပ်ထားသူ ၂ ဦးက ပစ္စတိုသေနတ်များဖြင့် ဝင်ရောက်လာကာ လစာပေးမည့်ငွေကျပ်သိန်း ၈၀၀ ကို လုယက်ယူဆောင်သွားခြင်းဖြစ်ကြောင်း ဖလမ်းဒေသခံများထံက သိရသည်။
“ပညာရေးမှူးရုံးမှာ အစည်းအဝေးလုပ်နေတုန်း မျက်နှာဖုံးစွပ်တွေနဲ့ လူ ၂ ယောက်ဝင်လာတယ်။ ပြီးတော့ လစာပေးဖို့ထုတ်ထားတဲ့ လစာငွေသိန်း ၈၀၀ ကို ယူသွားတာ”ဟု ဖလမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါငွေသိန်း ၈၀၀ မှာ ဖလမ်းမြို့နယ်တစ်ခုလုံးရှိ စစ်ကောင်စီလက်အောက်မှ Non-CDM ပညာရေး ဝန်ထမ်းများကို လစာပေးရန်အတွက်ဖြစ်ပြီး ဝန်ထမ်းလစာများ ဓားပြတိုက်ခံလိုက်ရသဖြင့် ဖလမ်းမြို့နယ် ပညာရေးဌာနက လစာထုတ်ပေးရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
“ဖလမ်းမှာ ဒီလို ဓားပြတိုက်တာမျိုး တခါမှ မကြားဖူးဘူး။ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ဒါမျိုး လုပ်စရာ အကြောင်းကိုမရှိဘူး။ လုပ်မှာလည်း မဟုတ်ဘူး။ ကျွန်မတို့တောင်ပေါ်ဒေသက အရင်ကတည်းက ဓားပြမှုမပြောနဲ့ လုယက်မှုတောင် မရှိဘူး။ ဒါမျိုးလုပ်တတ်တာက စစ်တပ်ပဲရှိတာ။ ပြီးတော့ ဝန်ထမ်းတွေလစာပေးဖို့ ငွေသယ်ငွေထုတ်တဲ့လမ်းကြောင်းတွေကို စစ်တပ်ကပဲ လုံခြုံရေးတာဝန်ယူပေး ရတာလေ။ ပညာရေးမှူးရုံးမှာ လစာပေးမယ်၊ ငွေသိန်း ၈၀၀ ရှိတယ်ဆိုတာလည်း စစ်တပ်ပဲ သိမယ့်ကိစ္စ။ အဲတော့ ဓားပြတိုက်တာကလည်း စစ်သားတွေလက်ချက်လို့ပဲထင်တယ်”ဟု ဖလမ်းမြို့ခံ အမျိုးသမီးက ပြောသည်။
ဖလမ်းမြို့နယ် ပညာရေးမှူးရုံး ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သလို ဖလမ်းမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။