ဧရာဝတီတိုင်းမ်
(ပေါက်)၊ ဖေဖော်ဝါရီလ ၁ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းတွင် ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်များတွင် ရွာအတွင်းသို့ ဝင်ရောက်တပ်စွဲ၍ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများအား ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ တပ်သား ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖလံကိုင်းရေနံမြေစခန်းမှ ထွက်ခွာလာသည့်အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ ၃၀ ရက်မှ စတင်၍ ထန်းပေါက်ကုန်းရွာအားစတင်မီးရှို့ခဲ့ပြီး ဒေသခံများနေအိမ်မှ ပစ္စည်းများလုယက်ယူဆောင်နေစဉ် မိုင်း ၂ လုံး ပွိုင့် ၃ ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ၅ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။
“အင်အားကတော့ ၇၀၊ ၈၀ ဝန်းကျင်ပါတယ်၊ ပထမဆုံး ထန်းပေါက်ကုန်းရွာစာသင်ကျောင်းကိုမီးရှို့တယ်၊ နောက်တော့နေအိမ် ၆ လုံးကိုမီးရှို့လို့ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်၊ နောက်တစ်နေ့မှာ သူတို့ထပ်ပြီးတိုက်ခိုက်ခံရတော့ အိမ် အလုံး ၄၀ ကျော်နဲ့ ပြည်သူပိုင်ရေနံကျင်းကိုပါ မီးရှို့သွားခဲ့တယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဆိုပါတပ်များသည် ထန်းပေါက်ကုန်းရွာ ဘုန်းကြီး ကျောင်းအတွင်း တပ်စွဲနေပြီး ဇန်နဝါရီလ ၃၁ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် အီနာဂါဗုံးသီး အလုံးရေ ၇၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ရာ တပ်သား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ ထန်းပေါက်ကုန်းရွာမှ နေအိမ် ၅၀ ဝန်းကျင်မီးလောင်ကျွမ်းခဲ့ပြီး မိုင်းမတော်တဆမှုကြောင့် ဒေသခံတော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား Anonymous Special Task Force-Pauk နှင့် BLY မှ ရဲဘော်များ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များဆီမှ သိရသည်။