ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရုံးကို ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးဦးဆောင်တဲ့အဖွဲ့ လာရောက်ခဲ့ပြီး NUG အစိုးရအဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink နဲ့ လက်ထောက် ဒုဝန်ကြီး Mrs. Melissa Brown တို့ အဖွဲ့ ဟာ အမျိုးသား ညီညွတ်ရေး အစိုးရက (NUG)ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အချို့ကို တွေ့ဆုံဆွေးနွေးခဲ့တာလို့ သိရပါတယ်။

အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက “စစ်ကောင်စီက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ၊ အပြစ်မဲ့ ပြည်သူတွေနဲ့ ကလေးသူငယ်တွေကိုသတ်ဖြတ်နေမှုတွေ၊ ကျေးရွာတွေကိုမီးရှို့ ဖျက်ဆီးမှုတွေကို ရပ်တန့်ဖို့က အရေးအကြီးဆုံးဖြစ်ပြီး စစ်ခေါင်း ဆောင်တွေကို ဖယ်ရှားဖို့ ဘယ်လိုကူညီရမလဲ” လို့မေးလာတယ်လို့ NUG သတင်းအချက်အလက်နှင့် နည်းပညာဝန်ဝန်ကြီး ဦးထင်လင်းအောင်က ဆိုပါတယ်။

NUG ဝန်ကြီး ဦးထင်လင်းလင်းအောင်က စစ်ကောင်စီကို ဖယ်ရှားနိုင်ဖို့အတွက် အချက် ၃ ချက်ကို အဓိကထား ဆွေးနွေးခဲ့ပြီး နည်းပညာကိုသေသေချာချာ အသုံးချရမယ်ဆိုတဲ့ အချက်နဲ့ ကျန်အချက် ၂ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

NUG ဝန်ကြီးဆွေးနွေးခဲ့တဲ့ အချက် ၃ ချက်ကို အမေရိကန်ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက “သိပ်ကိုလက်တွေ့ကျတဲ့” ဆွေးနွေးချက်လို့ မှတ်ချက်ပြုခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို မကြာခင် ပြန်လည်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းယူခဲ့တာ ၂ နှစ်ပြည့်မြောက်ပြီဖြစ်လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ပံ့ပိုးကူညီပေးနိုင်ဖို့ အတွက် ဝါရှင်တန်ဒီစီမှာ ရှိတဲ့ NUG အစိုးရအဖွဲ့ရုံးကို လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။