ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ရဲစခန်းနားတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက ၇ ရက်ကြာ သွားရောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ တောချောင်းဦးနယ်မြေရဲစခန်းနား မန္တလေး – မုံရွာ – မြောင်လမ်းခွဲ နားမှာ ဂိတ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ Black Eagle Defence Force-MMU အဖွဲ့ကနေ သိရပါတယ်။

“ ကျွန်တော်တို့အဖွဲ့က ၂၂ ရက်နေ့မှာ တောချောင်းဦးနယ်မြေရဲစခန်းကို သွားတိုက်ခိုက်တာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး ၁ ဦးအပြင်းထန်ဒဏ်ရာရသွားတယ်၊ ၂၈ ရက်နေ့က ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သား ၆ ဦးသေပြီး အများအပြား ဒဏ်ရာရသွားတယ်”လို့ Black Eagle Defence Force-MMU အဖွဲ့ကပြန်ကြားရေးတာဝန်ခံ ဗိုလ်သုံးဆယ်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

Black Eagle Defence Force-MMU အဖွဲ့အနေနနဲ့ NUG အစိုးရလက်အောက်ကနေ အဆင့်ဆင့်ကွပ်ကဲမှုခံပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုင်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်တဲ့ပွဲဖြစ်တာကြောင့် တက်နိုင်တဲ့ဘက် ကနေ အားသွန်းခွန်းစိုက်ပါဝင်ကူညီပေးဖို့အတွက်လည်း တိုက်တွန်းမေတ္တာရပ်ခံထားပါတယ်။