ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာရေးကျောင်းနှင့်အထက်တန်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများမှ အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် ကျောင်းသားများကို ကျောင်းတက်ကြရန်နှင့် ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ပြောဆိုကြောင်း ကျောင်းသားမိဘများထံကသိရသည်။

စစ်ကောင်စီက အာဏာသိမ်း ၂ နှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မဖြစ်မနေကျောင်းတက်ကြရန်နှင့် ပျက်ကွက်ပါက ကျောင်းရုံးခန်းခေါ်အရေး ယူမည်ဟုပညာရေး၀န်ထမ်းများမှ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပေးပြော ကြားမှုများပြုလုပ်ခဲ့ကြကြောင်း ကျောင်းသား၊ကျောင်းသူမိဘများက ပြောသည်။

“အိမ်ကသမီးကို သူ့ဆရာမက ဖုန်းလှမ်းဆက်တာ။ မနက်ကို ကျောင်းလာဖို့၊ မပျက်ဖို့ပေါ့။ ပျက်ရင် ကျောင်းထုတ်မယ်၊ အရေးယူလို့ရတယ်ဆိုပြီးပြောပါ တယ်။ သမီးကတော့ မသွားဘူးပြောတယ်”ဟု သာကေတမြို့နယ်နေ ကျောင်းသားမိဘ တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အတူ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင်ရှိသည့် ဈေးဆိုင်ခန်းများအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ရောင်းချကြဖို့ သက်ဆိုင်ရာတာ၀န်ရှိသူများမှ လိုက်လံနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြကြောင်းရန်ကုန်မြို့ခံများထံကသိရသည်။

၎င်း ခြိမ်းခြောက်မှုမျိုးနှင့်အတူ ဒလမြို့နယ်က အခြေခံပညာကျောင်းတွေမှာလည်း ဖိအားပေးပြောဆိုမှုများရှိနေပြီ မနက်ဖြန်ကို ကျောင်းတက်ဖို့နဲ့ မတက်ရင် အရေးယူမယ်၊ ကျောင်းထုတ်မယ်ဆိုပြီး ကျောင်းဆင်းခါနီးမှာ ပြောဆိုလိုက်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ရန်ကုတိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း စစ်​ကောင်စီက ခန့်အပ်​သော အုပ်ချုပ်​ရေးအဖွဲ့များက မနက်ဖြန် ​ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့တွင် အသံတိတ် သပိတ်တွင် မပါဝင်ရန်၊ မိမိတို့ဘက်က လုံခြုံ​ရေး စီမံချက် အပြည့်အဝဖြင့် အကာကွယ်​ပေးမည်ဖြစ်​ကြောင်း ​စျေးဆိုင်များ၊ စီးပွား​ရေးလုပ်ငန်များကို ပုံမှန်အတိုင်းလုပ်ကြရန် လိုက်လံနှိုး​ဆော်​နေသည်။

မြို့နယ်အလိုက် ​ကြေညာချက်မတူ​ညီသော်လည်း စီးပွား​ရေးလုပ်ငန်း၊ ​စျေးဆိုင်၊ စား​သောက်ဆိုင်များ ပိတ်ထားခြင်းမရှိစေရေးအတွက် ဦးတည်၍ ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ​ဆိုသည်။

“ကျ​နော်တို့ ရပ်ကွက်မှာ​​တော့ မနက်ဖြန်ကို စစ်​ကောင်စီက ထုတ်ပြန်ထားတဲ့ အကြမ်းဖက် အဖွဲ့​တွေက အသံတိသပိတ်ကို လှုံ့​ဆော်​နေတယ်။ ပြည်သူ​တွေ မပါဝင်ကြဖို့ အဓိက​ပြောသွားတယ်။ ကိုယ့်လုပ်ငန်း​ဆောင်တာ ကိုယ်လုပ်ကြပါ​ပေါ့။ တကယ်လို့ ပါဝင်တာ ထင်ရှားရင် အကြမ်ဖက်ဥပ​ဒေနဲ့ အ​ရေးယူခံရနိုင်တယ်၊ ပိုင်ဆိုင်မှု့ကိုလည်း သိမ်းခံရနိုင်တယ်​ပေါ့” ဟု ​တောင်ဒဂုံမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်တပ်မှ အာဏာသိမ်းယူခဲ့သည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုလျှင် ၂ နှစ်ပြည့်မြောက်ပြီဖြစ်ရာ အကြမ်းမဖက်လူထုလှုပ်ရှားမှုအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အဖွဲ့အစည်းပေါင်းစုံမှ အပြင်မထွက်ငြိမ်သက်တိတ်ဆိတ်ခြင်းသပိတ်ကို ပူးပေါင်းပါ၀င်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။