ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်
.
ပဲခူးတိုင်း၏ မြို့တော် ပဲခူးမြို့တွင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ကျရောက်မည့် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့်နေ့တွင် စစ်ကောင်စီက ဦးဆောင်၍ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီအနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်ထိပ်မှ စတင်ကာ မာရသွန်ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများမှ ကျောင်းသားများ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
“မနက်ဖြန်ကို ပဲခူးမှာ မာရသွန်ပြိုင်ပွဲလုပ်ဖို့ စီစဥ်နေကြတယ်။ ဝင်ပြိုင်မယ့်ကလေးတွေက ကျောင်းက ကာယဆရာတွေကို စာရင်းပေးရတယ်။ ပဲခူးတက္ကသိုလ်ထိပ်က စပြိုင်ကြမှာ။ တိုင်းပညာရေးရုံးက လူကြီးတွေလာကြည့်ကြလိမ့်မယ်ဟု ပဲခူးမြို့နယ် စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ပဲခူးမြို့နယ်ရှိ စျေးဆိုင်များကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းတောင်းဆိုထားသည့် အသံတိတ်သပိတ်တွင် မပါဝင်နိုင်ရေးအတွက် မဖြစ်မနေ ဆိုင်ခန်းများဖွင့်လှစ်ထားရန် စစ်ကောင်စီက စာထုတ်ညွှန်ကြားထားပြီး မလိုက်နာသည့် စျေးဆိုင်များကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းမှာ စစ်ကောင်စီအနေဖြင့် အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ခြင်းမရှိစေရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပဲခူးမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
“မနက်ဖြန် ပဲခူးမှာ မာရသွန်အပြေးပြိုင်ပွဲလုပ်မယ်။ စျေးဆိုင်တွေကိုလည်း မပိတ်ဖို့ ပိတ်ရင် အရေးယူမယ်ဆိုပြီး စာတွေလိုက်ဖြန့် လက်မှတ်တွေထိုးခိုင်းနဲ့ အလုပ်ရှုပ်နေကြတယ်။ သူတို့ကဘအသံတိတ်သပိတ်ကို ကြောက်တာကြောင့် ဒီလိုလုပ်ရတာ”ဟု ပဲခူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ခဲ့မှုကြောင့် ယခုနှစ်တွင်မူ ပြည်သူများအနေဖြင့် အသံတိတ်သပိတ်တွင် မပါဝင်နိုင်ရေးအတွက် စစ်ကောင်စီအနေဖြင့် ပွဲလမ်းသဘင်များ၊ ပျော်ပွဲရွှင်ပွဲများ၊ စစ်တပ်ထောက်ခံပွဲများ ပြုလုပ်ရန် စီစဥ်နေကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများကမူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ အာဏာကို အဓမ္မသိမ်းယူခဲ့သည့် အာဏာသိမ်းစစ်တပ်ကို ပြည်သူများအနေဖြင့် လက်မခံကြောင်း ပြသနိုင်ရန်အတွက် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းတောင်းဆိုထားသည်။