ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၃၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာအနီး၌ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်က ခြံအတွင်းရေပိုက်ပြင်နေသည့် အသက် ၇၀ ဝန်းကျင်ရှိ ဒေသခံပြည်သူတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနေ အသက် ၇၀ ဝန်းကျင်အရွယ်ရှိ ဦးကိုးမိုင် ဆိုသူမှာ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးရှိ ၎င်း၏ခြံအတွင်း၌ ရေပိုက်ပြင်နေစဥ် မိုင်းနင်းမိ၍ ခြေဖဝါးတဖတ်ပြတ်သွားပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“မိုင်းကတော့ စစ်ကောင်စီကထောင်ထားတာပါ။ ​ပြည်သူပိုင် ဥယျာဉ်ခြံတွေပါ ထောင်နေတာ။ အဲ့ဒီနားမှာလဲ စစ်ကောင်စီနဲ့ BGF စခန်းရှိတယ်။ ကြိုးတံတားဘုန်းကြီးကျောင်းမှာ၊ သူတို့ကပြည်သူနဲ့ PDFတွေကိုရန်တိုက်ပေးနေတဲ့သဘောပါ။ ကြိုးတံတားရွာအနားမှာက တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ ခဏခဏဖြစ်နေဝော့ာ PDFတွေလာတိုက်လို့ သူတို့မိုင်းထောင်ထားရတာဆိုတဲ့သဘောဖြစ်အောင်ပါ”ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့်ဖြစ်စဉ် ဖြစ်ပွားသည့်နေရာမှာ စစ်ကောင်စီမှ စခန်းချထားသည့် ကြိုးတံတားစခန်းအနီးတွင်ဖြစ်ပြီး မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် PDFများဖြတ်သန်းသွားလာနိုင်သည်ဟု ယူဆရသည့်နေရာများတွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်းထောင်ထားခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ ဆိုသည်။

ထို့အပြင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကြိုးတံတားရွာအနီးတွင် ‌ဒေသခံတစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်တစ်စီး မိုင်းနင်းမိရာ ဆိုင်ကယ်မှာပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။