ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှ သမိုင်းဝင်ဘုရားကြီးတဆူဖြစ်သည့် ဂူဝဘုရားပွဲတွင် ညဘက် ဖျော်ဖြေပွဲများကို လုံးဝကျင်းပခွင့်မပြုဘဲ စစ်ကောင်စီက တားမြစ်လိုက်ကြောင်းမြို့မိမြို့ဖများနှင့် ဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားပွဲကို လာမည့် ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတွင် သံထီးတင်ပွဲ၊ ဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းတော်ကြီးလောင်းပွဲ၊ တခြားပျော်ပွဲရွှင်ပွဲများနှင့်အတူ ရခိုင်အဆိုတော်များဖြင့် စင်တင်တေးဂီတဖျော်ဖြေပွဲများ ကျင်းပရန် ဇန်နဝါရီလ ၁၀ရက်နေ့က ဂေါပကများနှင့် မြို့မိမြို့ဖများက ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးထံသို့ စာတင်တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါတပ်ရင်းမှူးဆိုသူမှ ညပွဲကျင်းပရန်ခွင့်ပြုကြောင်း အကြောင်းပြန်လာခဲ့သော်လည်း ယနေ့(ဇန်နဝါရီလ ၃၁)ရက်နေ့တွင်မူ ညပွဲကျင်းပခွင့်လုံးဝမပြုတော့ကြောင်း ဖုန်းဆက်တားမြစ်လာသည်ဟု ပုဏ္ဏားကျွန်းမြို့မှ မြို့မိမြို့ဖတစ်ဦးကပြောသည်။

“ပုဏ္ဏားကျွန်းမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် ကျနော်တို့စစ်ကောင်စီဆီကနေ ခွင့်ပြုချက်တောင်းခဲ့ပါတယ်။ ကျနော်တို့ စာတင်တုန်းကလည်း သူတို့က ဇာတ်ကိုမထည့်နဲ့ ၁၄၄ နဲ့ငြိနေတယ်။ရှိုးပွဲလောက်ပဲထည့် ည ၈ နာရီအထိခွင့်ပြုပေးမယ်ပြောလို့ ကျနော်တို့အကုန်လုံးစီစဉ်လိုက်တာ။အခု အဆိုတော်တွေရော၊ ပွဲအခင်းအကျင်းတွေရော အကုန်လုပ်ထားပြီးမှ ညပွဲလုံးဝမချရဘူးဆိုပြီး တားမြစ်လာတော့ အကုန်လုံး နစ်နာတာပေါ့။နေရင်းထိုင်ရင်းနဲ့ သိန်း၃၀ ကျော်ဖိုး နစ်နာသွားပြီ” ဟု ၎င်းကပြောသည်။

သမိုင်းဝင်ဂူဝဘုရားပွဲကြီးကို ခေတ်အဆက်ဆက်ကတည်းကနေ နှစ်စဉ်စည်ကားစွာ ကျင်းပလာခဲ့သော်လည်း စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော် – AA တို့၏ နှစ်ဖက်တိုက်ပွဲများနှင့် ကိုဗစ်တို့ကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကပင် ရပ်နားထားခဲ့ရသည်။

ယခုနှစ်တွင်မူ စစ်ရေးအခြေအနေတည်ငြိမ်နေသောကြောင့် ဘုရားပွဲကိုပြန်လည်ကျင်းပရန် ငွေကုန်ကြေးကျခံကာ စီစဉ်ခဲ့ခြင်းဖြစ်သည့်အတွက် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့တားမြစ်ခြင်းမျိုး မလုပ်သင့်ကြောင်း ဒေသခံများကဝေဖန်ပြောဆိုကြသည်။

“တိုက်ပွဲတွေ အရမ်းပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ မောင်တောနယ်စပ်ဖက်တွေမှာတောင် အခုဇာတ်ပွဲတွေ ဘာတွေ ချလို့ရနေပြီ။ ကျနော်တို့ဒေသက ဘာကြောင့်ချလို့မရတာလဲပေါ့။နောက်ပြီး သူတို့ကိုအသိမပေးဘဲ စီစဉ်ခဲ့တာလည်း မဟုတ်ဘူး။စစ်တပ်ကိုလည်း ရန်ပုံငွေအတွက် ငွေ၁၀သိန်း ထောက်ပံ့မယ်လို့လည်း ပြောထားတာ။သူတို့ဆီကခွင့်ပြုတယ်လို့ပြောပြီးမှ ကျနော်တို့စီစဉ်ခဲ့တာလေ။အခုအနေအထားထိရောက်ပြီးမှ တားမြစ်လိုက်တာတော့ မဖြစ်သင့်ပါဘူး”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးကပြောသည်။

သမိုင်းဝင် ဂူဝဘုရားကြီးကို မြောက်ဦးခေတ်တွင် ရခိုင်ဘုရင်မင်းဗာကြီးက ကောဇောသက္ကရာဇ် ၂၈၇ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့၏ မြောက်ဖက် ရန်ကုန်- စစ်တွေကားလမ်းမကြီးဘေးတွင် တည်ရှိသည်။