ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်

စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်ပြည့်နှစ်ပတ်လည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူများ တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်း လှုံ့ဆော်နေပြီး စစ်ကောင်စီမှလည်း အသံတိတ်သပိတ် ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ပဲခူးမြို့နှင့် မကွေးမြို့တွင် ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က ဆိုင်ကယ်များကို အပြစ်ရှာဖမ်းဆီး၍ ဆိုင်ကယ်များကိုသိမ်းဆည်းကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ယာဉ်ထိန်းရုံး၌ လာရောက် ထုတ်ယူကြရန် စစ်ကောင်စီက ပြောဆိုထားကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ထိုသို့လုပ်ဆောင်ခြင်းမှာ အသံတိတ်သပိတ်ပျက်ပြားပြီး လမ်းမပေါ်၌ လူစည်ကားအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ ပဲခူးမြို့မှာ ဆိုင်ကယ်တွေကို နည်းမျိုးစုံနဲ့ အပြစ်ရှာပြီးဖမ်းတယ်။ ပြီးတော့ သိမ်းထားတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရုံးမှာလာရွေးရမယ် ပြောတယ်။ အဲတော့ သူတို့က ဖေဖော်ဝါရီ ၁ ရက်မှာ လမ်းပေါ်မှာ လူစည်ကားစေချင်လို့ လုပ်နေတယ်ဆိုတာ အရမ်းသိသာတယ်”ဟု ပဲခူးမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်တွေများနှင့် ယာဉ်ထိန်းရဲများက ကားနှင့်ဆိုင်ကယ်လိုင်စင်များ၊ ယာဉ်မောင်းလိုင်စင်များနှင့် ဘီးခွန်အပါအဝင် မော်တော်ယာဉ်နဲ့ပတ်သတ်သည့် သတ်မှတ်ချက်မပြည့်စုံသည့်ယာဉ်များအားလုံးကို အပြစ်ရှာ သိမ်းဆည်းပြီး အသံတိတ်သပိတ်ကျင်းပမည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရုံးမှာလာထုတ်ကြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

“မကွေးမှာလည်း အဲ့လိုပဲ။ ကားနဲ့ဆိုင်ကယ်တွေကို နည်းမျိုးစုံနဲ့ဖမ်းတယ်။ ဒဏ်ငွေမဆောင်ခိုင်းဘဲ ချလန်ဖြတ်တယ်။ ပြီးတော့ ရုံးမှာ ၁ ရက်နေ့ကို လာရွေးဆိုပြီး လုပ်တာ။ စစ်ကောင်စီက ၁ ရက်နေ့မှာ လမ်းပေါ်ကို လူမထွက် ထွက်အောင်လုပ်နေတာ”ဟု မကွေးမြို့ခံတစ်ဦးက ဆိုသည်။

စစ်တပ်မှ အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူများအနေဖြင့် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဆင်နွှဲကာ အိမ်ပြင်မထွက်ကြဖို့၊ လုပ်ငန်းခွင်ထဲမှာသာ နေကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB က တိုက်တွန်း နှိုးဆော်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်း ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့တို့တွင်လည်း GSCB အဖွဲ့၏ တိုက်တွန်းမှုဖြင့် မြန်မာနိုင်ငံတဝှန်းမှ ပြည်သူများက အိမ်ပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။