ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်
စစ်ကောင်စီ၏ အာဏာသိမ်း ၂ နှစ်ပြည့်မတိုင်မီ ယနေ့ ဇန်ဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (ကာ/လုံ) ကို ခေါ်ယူခဲ့ပြီး သာမန်မဟုတ်သောအခြေအနေတွင်ရှိနေဆဲဖြစ်၍ လိုအပ်သည့် ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။
လိုအပ်သည့် ထုတ်ပြန် ကြေညာချက်ကို အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီက ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်၏ အာဏာကို သိမ်းယူ၍ အရေးပေါ် ကြေညာခဲ့ရသည့် အခြေအနေ၊ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု ၊ ထာ၀ရ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု နှင့် ရွေးကောက်ပွဲ အတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် စစ်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် စွတ်စွဲခဲ့ပြီး ယင်းအဖွဲ့အစည်းများကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း၊ နိုင်ငံတော်၏အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိကြောင်း ကာ/လုံအစည်းအဝေးတွင် ပြောကြားခဲ့သည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှင်းလင်းပြောကြားမှုအပေါ် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီအဖွဲဝင်များ နှင့် အထူးဖိတ်ကြား ထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြပြီး သာမန်မဟုတ်သောအခြေအနေတွင် ရှိနေဆဲဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (ကာ/လုံ) အစည်းအဝေးသို့ စစ်ကောင်စီက သက်မှတ်ပေးထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် စစ်ကောင်စီအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။