မောင်ကောင်း/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြဌာန်းခဲ့တဲ့ ဥပဒေသစ်ဟာ နိုင်ငံတစ်ဝန်းလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီများ မရှိနိုင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ပဲ သုံးသပ်ရပါတယ်။
စစ်ခေါင်းဆောင်က အဲ့ဒီလိုလုပ်ဆောင်ခဲ့တာဟာ ၎င်းရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်ဟောင်း အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို တင်းပြည့် ကျပ်ပြည့် အနိုင်ရစေဖို့ ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။
ယခုလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တစ်ဖက်သတ် ပြဌာန်းခဲ့တာဟာ စစ်တပ်အရာရှိဟောင်းအများစု ပါဝင်နေတဲ့ ကြံ့ခိုင်ရေးပါတီကို နိုင်ငံတဝှန်းမှာ ပခုံးချင်းယှဉ်နိုင်သူ မရှိစေဖို့၊ ကြံ့ခိုင်ရေးပါတီနဲ့ တန်းတူယှဉ်ပြိုင်နိုင်တဲ့ပါတီ မရှိစေဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ခေါင်းဆောင်ရဲ့လုပ်ရပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးလိုက်တာလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုတာ ဆက်ပြီး ရှင်းပါမယ်။
ယခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဥပဒေသစ်ဟာ ယခင် ၂၀၁၀ ခုနှစ်၊ မတ်လ ၈ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထက် ကန့်သက်ချက်တွေ ပိုမိုများပြားလွန်းနေတာ တွေ့ရပါတယ်။
စစ်အာဏာရှင်ချင်းအတူတူ ဆရာကြီး ဗိုလ်သန်းရွှေထက် တပည့်ကြီး မင်းအောင်လှိုင်က ပိုပြီး လက်စောင်းထက်ကာ ဒီမိုကရေစီကို ဖျက်ဆီးတဲ့လုပ်ရပ်တွေကို စနစ်တကျကို တဇွတ်ထိုး ဆောင်ရွက်နေတာလို့ သုံးသပ်ရမှာဖြစ်ပါတယ်။
ယခင် စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာတော့ ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီ ဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကနေ စတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကိုစည်းရုံးရမယ်လို့ ဆိုထားပါတယ်။
ယခု စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ ဥပဒေသစ်မှာတော့ ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ သိန်းကို စည်းရုံးရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ ယခင် ဗိုလ်သန်းရွှေ ပြဌာန်းခဲ့တဲ့ ရက်ပေါင်း ၉၀ အတွင်း စည်းရုံးရမယ့် လူဦးရေ ၁,၀၀၀ ဆိုတဲ့ ကိန်းဂဏန်းရဲ့ အဆပေါင်း ၁၀၀ တိုးမြှင့်လိုက် တာလည်း ဖြစ်ပါတယ်။
ဒီတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟာ ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရပြီဆိုတာနဲ့ ရက် ၉၀ အတွင်းမှာ လူပေါင်း ၁ သိန်း စည်းရုံးဖို့အတွက်သာ အာရုံစိုက်ပေတော့လို့ ပြောလိုက် တာပါ။ အဲ့သည်လို စည်းရုံးခြင်းမပြုနိုင်ရင်တော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းကို ဖျက်သိမ်းမယ်လို့ ဥပဒေကိုအကြောင်းပြပြီး ဝင်မပါနိုင်အောင် အနိုင်ကျင့်တာပဲ လိုက်တာပဲဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟာ ရက်ပေါင်း ၉၀ အတွင်း လူဦးရေ ၁၀၀,၀၀၀ ရရှိဖို့အတွက် နေ့စဉ် အနည်းဆုံး လူပေါင်း ၁,၁၀၀ ကျော်ကို ပါတီဝင်ဖြစ်လာဖို့ စည်းရုံးရမှာပါ။ စစ်ကောင်စီကို တော်လှန်နေတဲ့ PDF အဖွဲ့များ၊ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ စစ်ကောင်စီ ရွေးကောက်ပွဲဝင်ဖို့ လူ ၁၀၀,၀၀၀ ကို စည်းရုံးခိုင်းသည်မှာ “ကောက်ရိုးပုံအတွင်း အပ်ပျောက်ရှာ” ခိုင်းတာနဲ့ တူတယ်လို့ ပဲ ဆိုရမှာပါ။
ဒါဟာ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တဲ့ စစ်ကောင်စီ ရွေးကောက်ပွဲမှာ စစ်တပ်ပါတီလို့ ဆိုရမယ့် ကြံခိုင်ရေးပါတီ (USDP) ကို အနိုင်ပေးနိုင်ဖို့ အကွက်ချ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
NLD ပါတီဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုထောက်ခံမှု အများဆုံးရခဲ့ပြီး အစိုးရဖွဲ့ထားနိုင်တာကြောင့် “တည်ဆဲဥပဒေများ ကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှုမှန်သမျှဟာ တရားဝင်မှုမရှိလို့ ၎င်းတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ခိုင်မာစွာဆန့်ကျင် ကန့်ကွက်သွားမယ်” လို့ ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ အတိအလင်း ထုတ်ပြန်ကြေညာ သတိပေးခဲ့တာကြောင့် NLD ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်မှာ မဟုတ်ပါဘူး။
စစ်ကောင်စီရဲ့ အခန်း(၂) နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေသစ် ၄။ (စ) မှာ နိုင်ငံတော်အားလက်နက်ကိုင် ဆန့်ကျင်နေသည့် သောင်းကျန်းသူ အဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သက်မှတ်သော အဖွဲအစည်းဝင်နှင့် ပုဂ္ဂိုလ်များ (သို့မဟုတ်) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် (သို့မဟုတ်) ယင်းအဖွဲ့ အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း (သို့မဟုတ်) အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင် မဟုတ်သူများကိုသာ ပါတီ တည်ထောင်ခွင့် ပြုမယ်လို့ ဆိုထားပါတယ်။
ဒါဟာ အရင် စစ်အစိုးရရဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါဝင်ပေမယ့် NLD သာ ရွေးကောက်ပွဲ ဝင်ပြိုင်ရင် ပါတီအဖြစ်မှ ဖယ်ထုတ်နိုင်သလို လက်ရှိ စစ်ကောင်စီအနေနဲ့ သူတို့ကို လိုလားဟန်မပြတဲ့ နိုင်ငံရေးပါတီတွေကို အဲ့ဒီအချက် တွေ ကိုင်စွဲပြီး ဖယ်ထုတ်နိုင်လို့ပါပဲ။
နောက် ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီသည် မှတ်ပုံတင်ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ ထက်ဝက်ခန့်တွင် ပါတီရုံးခန်းဖွင့်လှစ် မည်ဖြစ်ကြောင်း ဝန်ခံချက် ပေးရမည် လို့ စစ်ကောင်စီရဲ့ ပါတီတည်ထောင်ခြင်း ဥပဒေသစ်က ဆိုထားပါသေးတယ်။
အဲ့ဒီအချက်ကိုကြည့်ရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ပြိုင်မယ့်ပါတီတွေဟာ ခြောက်လ အတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃၀ အနက် အနည်းဆုံး မြို့နယ်ပေါင်း ၁၆၅ မြို့နယ်မှာ ပါတီရုံးခန်း ဖွင့်လှစ်နိုင်ရမှာပါ။
မြန်မာနိုင်ငံရဲ့ မြို့နယ်ထက်ဝက်ဖြစ်တဲ့ မြို့နယ်ပေါင်း ၁၆၅ မြို့နယ်မှာ ရက်ပေါင်း ၁၈၀ အတွင်း ရုံးခန်းဖွင့်ဖို့ဆိုရင် တစ်ရက်ကို တစ်မြို့နယ်နှုန်းနဲ့ ဖွင့်မယ်ဆိုတာတောင် ပါတီမှတ်ပုံတင် ခွင့်ရတဲ့နေ့ကစပြီး ကြားထဲမှာ ပြင်ဆင်ချိန် ၁၅ ရက်သာ ရမှာပါ။ ပါတီရုံးခန်း ဖွင့်လှစ်နိုင်ခြင်းမရှိရင်တော့ အဲ့ဒီနိုင်ငံရေးပါတီတွေကို ပယ်ဖျယ်မယ်။ ဖျက်သိမ်းမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ရဲ့ ဥပဒေသစ်က ခြောက်လှန့် ထားပါတယ်။
အဲ့ဒီတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေဟာ စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ဥပဒေသစ် သက်မှတ်ချက်ကို သက်မှတ်ရက်အတွင်း ပြည့်မီဖို့အတွက် နေ့စဉ် လူပေါင်း ၁,၁၀၀ ကျော်ကို စည်းရုံး၊ နေ့စဉ် ပါတီရုံးခန်း ၁ ခု ဖွင့်နိုင်ဖို့ ကြိုးစားရင်းနဲ့ လုံးပါးပါးပြီး ပျောက်ကွယ်ကိန်း ဆိုက်သွားမှာပါ။
အဲ့ဒီလို ဖြစ်နိုင်ခြေမရှိတဲ့ အချက်အလက်တွေကို ပြဌာန်းတာဟာ လက်ရှိစစ်ကောင်စီ ဒေါက်တိုင် ကြံ့ခိုင်ရေးပါတီမှ အပ ကျန်နိုင်ငံရေးပါတီများ ပြည်ထောင်စု တစ်ဝန်းလုံးမှာ ပါဝင်လာခြင်း မရှိနိုင်အောင် ကြိုတင် လုပ်ကြံပြင်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပါတီတည်ထောင်ခြင်း ဥပဒေဟာ ကြံ့ခိုင်ရေးပါတီကိုသာ နိုင်ငံတစ်ဝန်းလုံး လွှမ်းခြုံမယ့်ပါတီကြီး အဖြစ် တစ်ဖက်ရပ် အနိုင်ပေးထားပြီး ဘယ်ပါတီမဆို ဝင်လာခြင်း မပြုနိုင်ဖို့ ဥပဒေအရ ကန့်သက် ထားလိုက်တာပါ။ သဘောတရားကတော့ ကြံ့ခိုင်ရေးပါတီ တစ်ခုတည်းကိုသာ အစိုးရ ဖွဲ့နိုင်တဲ့အထိ လုပ်ဆောင်လိုက်တာဖြစ်ပြီး အဲ့ဒီလို လုပ်ဆောင်ခြင်းဖြင့် အဲ့ဒီအစိုးရအဖွဲ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ဖြစ်လာမှာပါ။
ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြဌာန်းခဲ့တဲ့ ပါတီမှတ်ပုံတင်ရေးဥပဒေမှာ ပါတီ ရန်ပုံငွေစာရင်း သက်မှတ်ထားရှိခြင်း မရှိခဲ့ပါဘူး။ သို့သော်လည်း အခု စစ်ခေါင်းဆောင် ပြဌာန်းလိုက်တဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်မှာတော့ နိုင်ငံတစ်ဝန်းလုံး ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေဟာ ငွေကျပ်သိန်း ၁,၀၀၀၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ယှဉ်ပြိုင်မယ့် ပါတီတွေဟာ ငွေကျပ်သိန်း ၁၀၀ ကို ပါတီရန်ပုံငွေအဖြစ် မြန်မာ့စီးပွား ရေးဘဏ်မှာ ငွေစာရင်း ထားရှိရမယ်လို့ ပါရှိပါတယ်။
ဒါဟာ နိုင်ငံတစ်ဝန်းလုံးဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ စိတ်ကြိုက်ဥပဒေပြဌာန်းပြီး ပါဝင်နိုင်ခြင်း မရှိစေရန်လုပ်ဆောင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
အဲ့ဒါတွေအပြင် စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေသစ်အရ ရွေးကောက်ပွဲ ကော်မရှင်က သက်မှတ်ထားတဲ့ လက်ရှိ တရားဝင် နိုင်ငံရေးပါတီ ၉၁ ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်မယ်လို့ ဆုံးဖြတ်ထားပါသလား။ အဲ့သည်လို ဆုံးဖြတ်ထားရင် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျောက်ထားပါလို့ ဆိုထားပါတယ်။ အဲ့သည်လို ရက်ပေါင်း ၆၀ အတွင်း မလျောက်ရင်တော့ နိုင်ငံရေး ပါတီအဖြစ်မှ ပျက်ပြယ်ပါတယ်လို့ ပြောထားပြီး လက်ရှိနိုင်ငံရေးပါတီတွေ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်ထားပါသေးတယ်။
ယခင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာတော့ အစ္စလာမ်ဘာသာရေး ဆရာတွေကို ကန့်သက်ထားတာ မတွေ့ရပေမယ့် ယခု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဥပဒေသစ်မှာ တော့ မော်လဝီ သို့မဟုတ် မော်လာနာ၊ ဟာဖိဇ်၊ အီမန်၊ မုဖ်သီ၊ မုဖတ်စိရ်၊ အိုလမာ၊ ပီရ် သို့မဟုတ် မရှာအိခ် တို့ကို သာသနာ့ဝန်ထမ်းအဖြစ် သတ်မှတ်ထားတာမို့ ပါတီတည် ထောင်ခွင့်၊ ပါတီဝင်ခွင့်၊ ရွေးကောက်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နဲ့ ဆန္ဒမဲပေးခွင့်များ ရှိမှာ မဟုတ်တော့ဘူးလို့ ပိတ်ပင်လိုက်ပါတယ်။
လက်ရှိစစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ဟာ တိုင်းဒေသ ကြီး နဲ့ ပြည်နယ် အဆင့်ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီငယ်များ၊ လူမျိုးစု တိုင်းရင်းသားပါတီငယ်များ အတွက် များစွာခက်ခဲမှု မရှိပေမယ့် နိုင်ငံနဲ့ တစ်ဝန်းယှဉ်ပြိုင်ပြီး အစိုးရဖွဲ့လိုသူတဲ့ ပါတီတွေအတွက် ဖိနှိပ်မှု များစွာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။
အဲ့ဒီ အချက်တွေကို ထောက်ရှု့ခြင်းအားဖြင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ဟာ နိုင်ငံတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး အစိုးရဖွဲ့လိုသူများ၊ တိုင်းရင်းသား လူမျိုးစုကြီးများကို နေရာမရနိုင်အောင် ဖယ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။
ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ ပါတီစုံ ဒီမိုကရေစီစနစ်ကို စစ်ကောင်စီဥက္ကဋ္ဌက ဥပေက္ခာ ပြုလိုက်တာပဲဖြစ်ပြီး စစ်တပ် နဲ့ စစ်ဗိုလ်ချုပ်အများစုပါဝင်နေတဲ့ ကြံ့ခိုင်ရေးပါတီ တို့ကသာ ပူးတွဲအုပ်ချုပ်ဖို့၊ နိုင်ငံကို ချယ်လှယ်ဖို့ နဲ့ ပြည်သူအပေါ်ဆက်လက်ဖိနှိပ်ဖို့ ခြေတစ်လှမ်း တိုးလိုက်တာပါ။
ဒါကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ဟာ နိုင်ငံသူ နိုင်ငံသားအရေးထက် သူ့ရဲ့ သမ္မတဖြစ်ရေးကို ခိုင်ခိုင်မာမာလုပ်ဆောင်ဖို့ အုတ်မြစ်ချလိုက်တာလို့ ဆိုနိုင်ပါတယ်။