ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာ ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းက နေအိမ်မှာ တစ်ဦးတည်း ရှိနေတဲ့ အသက် ၆၄ နှစ်အရွယ်အမျိုးသားကို လူတစ်စုက လူသတ်ပြီး ပစ္စည်းလုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

မုဆိုးအိုင်ကျေးရွာမှာ တစ်ဦးထဲနေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးဌေးမြင့်ဟာ ည ၁၀ နာရီဝန်းကျင်မှာ နေအိမ်မှာပဲ လူသတ်ပစ္စည်းလုယက်တာ ခံခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

“နေအိမ်မှာပဲ ဝင်သတ်သွားတာ၊ အမှန်က ခိုးဖို့လာတာလည်း ဖြစ်နိုင်တယ်၊ လူမိသွားတော့ သတ်သွားတဲ့ သဘောဖြစ်သွားတာ သူ့ရဲ့မြေးလာခေါ်မှ သေနေတာသိရတာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

တစ်ဦးထဲနေထိုင်တဲ့ ဦးဌေးမြင့်ကို သတ်ပြီးနောက်ပိုင်း လက်မှာဝတ်ဆင်ထားတဲ့ ကာလတန်ဖိုး ၂ သိန်းခွဲတန် လက်စွပ်ကိုယူဆောင်သွားတာလို့ ဆိုပါတယ်။

အဆိုပါ လူသတ်ပစ္စည်းလုယက်မှုနဲ့ ပတ်သက်ပြီး အင်ပင်နယ်မြေရဲစခန်းမှာ (ပ)၆/၂၀၂၃၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်အောင်မြို့နယ်အတွင်းမှာ ပစ္စည်းပျောက်ဆုံးမှုတွေ လုယက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ရဲတပ်ဖွဲ့မှ တရားခံမိအောင် ဖမ်းပေးနိုင်တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။