ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ တပ်က ဆေးကုသဖို့အတွက် အေးမြသာယာကျေးရွာက ဆရာဝန်တစ်ဦးကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တာဝါတိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခံရပြီး အထိခိုက် များလို့ အေးမြသာယာက ဆရာဝန်ကို ကုသပေးဖို့လာခေါ်သွားပြီးနောက်ပိုင်း အဆက်သွယ်မရတော့တာလို့ တစ်ပတ်ကျော်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ညထဲက လာဖမ်းသွားတာ။ အဲ့နောက်ပိုင်း အဆက်သွယ်မရတော့တာ၊ ခုဆို ၁ ပတ်ကျော်ပြီ ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီတပ်ဘက်က အင်အားအများပြားနဲ့ ကျေးရွာတွေကို အင်အားဖြည့်တင်းတာတွေပြုလုပ်လာသလို အစစ်ဆေးတွေလည်း ပိုမိုပြုလုပ်လာတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဖားကန်မြို့နယ်၊ မဇွပ်ယန်ကျေးရွာက ပြည်သူတွေရွေးချယ်ခန့်အပ်ထားတဲ့ ရာအိမ်မှူးတစ်ဦးကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။