ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဇန်နဝါရီလကုန်ပတ်ထဲမှာ ကျောင်းတက်တဲ့ ကလေးတွေဆီက ဆွဲကြိုး လုယက်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့က တက္ကသိုလ်ကျောင်းအလွန် မြို့ပတ်လမ်းမှာ ကျောင်းသူတစ်ဦးဆီက ဆွဲကြိုးကို လုယက်ပြေးမှုဖြစ်ပွားခဲ့သလို ဇန်နဝါရီလ ၃၁ ရက်နေ့မနက်ပိုင်းမှာလည်း မြဝတီရပ်ကွက်မှာ ကျောင်းသူ တစ်ဦးကို ဆွဲကြိုးလုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ခုက ဆွဲကြိုးလုယက်တာ ပြန်များလာတယ်၊ လုတဲ့သူက ဆိုင်ကယ်နဲ့ လာပြီး လမ်းလျှောက်တဲ့ ကလေးတွေကို ပစ်မှတ်ထားလုယက်နေတာ၊ ဒီလကုန်ပိုင်းမှာ များလာတာ၊ တရားခံဖမ်းမိတာမျိုးတော့ မရှိသေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မြဝတီရပ်ကွက်၊ သီတာလမ်းမှာ မနက် ၁၁ နာရီလောက်က ဆွဲကြိုးလုယက်မှုမှာတော့ ဆွဲကြိုး ၂ ပိုင်းပြတ် သွားပေမယ့် လုယက်သူနောက်ကို ပါမသွားခဲ့ဘူးလို့ ဆိုပါတယ်။

ကျောင်းနေအရွယ်ကလေးတွေကို ပစ်မှတ်ထားလုယက်လာတာကြောင့် မိဘတွေအနေနဲ့လည်း ကလေး တွေကို တန်ဖိုးများတဲ့ ရွှေနဲ့ ရတနာပစ္စည်းတွေ မဆင်ပေးသင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တော်လှန်ရေးအင်အားစုတွေကို ဖမ်းဖို့အတွက် အာရုံစိုက်နေရတာ ကြောင့် ပစ္စည်းလုယက်မှုတွေ ခိုးမှုတွေဖြစ်ပွားတိုင်း ရဲစခန်းသွားရောက်တိုင်ကြားသော်လည်း တရားခံမိအောင် ဖမ်းပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။