နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇန်နဝါရီလ ၃၁ရက်

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်တပ် သိမ်းခဲ့သည်မှာ ၂ နှစ်ပြည့်မြောက်သည့်နေ့ဖြစ်၍ အာဏာသိမ်းမှု့ကို လက်မခံကြောင်း ပြသရန်အတွက် ပြည်သူများအနေဖြင့် အပြင်မထွက်ကြဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေထိုင်ခြင်းဖြင့် စစ်ကောင်စီကို သပိတ်မှောက်ဆန္ဒပြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်း ထားသည်။

စစ်ကောင်စီဘက်မှလည်း ပြည်သူများ တိတ်ဆိတ်စွာနေထိုင်၍ ဆန္ဒပြမည်ကို စိုးရိမ်သောကြောင့် မြန်မာနိုင်ငံရှိ မြိုကြီးများတွင် စစ်တပ်ထောက်ခံပွဲများ တန်ပြန် ပြုလုပ်ရန်စီစဥ်လျက် ရှိကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံက သိရသည်။

“မနက်ဖန် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်ကောင်စီက အာဏာသိမ်းထားတာ ၂ နှစ်ပြည့်တဲ့နေ့ပါ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၊ ရဟန်းသံဃာတွေ နဲ့ကျောင်းသားပြည်သူတွေကို နည်းမျိုးစုံ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတယ်။ စစ်ကောင်စီရဲ့ အာဏာသိမ်းမှု့ကို လက်မခံဘူးဆိုတာ ပြသဖို့အတွက် ပြည်သူတွေ အနေနဲ့ တိတ်ဆိတ် ငြိမ်သက်ပေးဖို့ နိုင်ငံရေးအင်အားစုတွေက မေတ္တာရပ်ခံထားပါတယ်။ ဒါကြောင့် စစ်ကောင်စီက အဲ့ဒီနေ့မှာပဲ လမ်းပေါ်ထွက်ပြီး စစ်တပ်ထောက်ခံပွဲတွေလုပ်ဖို့စီစဥ်နေတာပါ” ဟု စစ်ကောင်စီအသိုင်းဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နိုင်ငံရေး အင်အားစုများက ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့ကြီးများတွင် စစ်တပ်အာဏာသိမ်းမှုကို အလိုမရှိကြောင်းပြသရန်အတွက် ပြည်သူ များ ငြိမ်သက်စွာ နေထိုင်ခြင်းဖြင့်ပါဝင်ကြရန် လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် တိုက်တွန်းထားကြောင်း၊ စစ်ကောင်စီအနေဖြင့် အဆိုပါတိုက်တွန်းမှုအား ပျက်စီး စေရန်ရည်ရွယ်၍ လမ်းများပေါ်တွင် ဆူဆူညံညံ ဖြစ်စေရန် ယခုကဲ့သို့ တပ်ထောက်ခံ ပွဲကို စီစဥ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီလ ၃၀ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းအတွင်းတွင် လူ ငါး ဦးနှင့် အထက် လမ်းမပေါ်ထွက်ခြင်း၊ စုဝေးလှည့်လည်ခြင်းမပြုလုပ်ရန်၊ ည ၁၀ နာရီထိုးသည်နှင့် အပြင်မထွက်ရန် အသံချဲ့စက်ဖြင့် လိုက်လံကြေညာလျက်ရှိသည်။ ထိုသို့ လိုက်လံကြေညာလျက်ရှိသော်လည်း စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများ ကိုမူ အလှုအတန်းများပြုလုပ်စေ၍ လူသွားလမ်းမကြီးများပေါ်တွင် စတုတီသာ ကျွေးမွေးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

(ဓာတ်ပုံ – ယခင်က ပုံအဟောင်းအား အသုံးပြုထားပါသည်။)