ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၆၀ ရပ်ကွက်ရုံး ယမန်နေ့ ညပိုင်းအချိန်က ဗုံးပစ်တိုက်ခိုက်ခံရပြီး သေနတ်များဖြင့်ပါ ပစ်ခတ်ခံခဲ့ရကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်က ၆၀ ရပ်ကွက်၊ ရွှေလီလမ်းနှင့် ဧရာ၀ဏ်လမ်း ထောင့်တွင်ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရပြီးနောက် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အုပ်ချုပ်ရေးမှူးအပါအ၀င် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး ၄ ဦးစလုံးမှာ ဗုံးစထိမှန် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးဌာနနှင့် နီးစပ်သူအချို့က ပြောသည်။
“ညက အုပ်ကြီးတို့အဖွဲ့ ရုံးထဲရှိနေတုန်း ဗုံးပစ်ခံရတာ။ ဗုံးပေါက်ပြီးတစ်ဆက်ထဲ သေနတ်နဲ့ပါပစ်တာ။ အကုန်သေကုန်ပီထင်တာ။ အုပ်ကြီးတို့အဖွဲ့ ၄ ယောက် လုံး ဗုံးမှန်တယ်။ သေတော့မသေဘူးစိုးရိမ်ရတယ်။ ဆေးရုံတင်ထားရတယ်”ဟု အထွေထွေအုပ်ချုပ်ရေးမှူးဌာနနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်တိုက်ခိုက်ခံရသည့် အုပ်ချုပ်ရေးမှူးအဖွဲ့သည် ရပ်ကွက်အတွင်း သတင်းပေးဒလန်ပြုလုပ်နေပြီး လူမိုက်များဖွဲ့လျက် ရမ်းကားနေကြောင်း ရပ်ကွက်နေ ပြည်သူများက ဆိုသည်။
ရပ်ကွက်နေထိုင်သူတစ်ဦးက “ညကပေါက်ကွဲပစ်ခတ်မှု တွေဖြစ်ပြီးတော့ စစ်သားတွေရောက်လာတယ်။ လူနာ တင်ယာဉ်တွေနဲ့ အုပ်ကြီးတို့အဖွဲ့ကိုသယ်သွားတယ်။ နောက်တော့ အုပ်ကြီးရဲ့တပည့်လူမိုက်တွေက သိမ်ချောင်းလမ်းဆုံးမှာ သွားပြီး တုတ်တွေ၊ ဓားတွေနဲ့ အော်ဆဲနေကြပြီး လာသမျှကားတွေကို စစ်တာတွေလုပ်ကြတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းရပ်ကွက်ရုံးကို လူ ၃ ဦးမှဆိုင်ကယ်တစ်စီးဖြင့် လာရောက်၍ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ပြီးနောက် သေနတ်ဖြင့် ၄ ချက်ခန့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မည်သည့်မြို့ပြပျောက်ကျားအဖွဲ့မှ ပြုလုပ်သည်ကိုမူ အတည်ပြု၍မရသေးကြောင်း ဒေသခံများထံမှ သိရသည်။