ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်
NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်က ဧရာ၀တီတိုင်းအစိုးရအဖွဲ့ရဲ့ လူမှုရေး၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာလှမြတ်သွေးကို မနေ့က ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ ပုသိမ်အကျဥ်းထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
“NLD အစိုးရ၀န်ကြီးတွေမှာ သူတစ်ယောက်ပဲ။ ပုသိမ်ထောင်ကိုအပို့ခံရတာ ပုဒ်မ၅၀၅(ခ)နဲ့ တစ်မှုတည်းပဲ စွဲပြီးထောင် ၂ နှစ်ချလိုက်တယ်။ တစ်ဖက်ကဖြေရှင်းခွင့်လဲမပေးဘူး အမြန်ပဲအမိန့်ချလိုက်တာ”လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒေါက်တာလှမြတ်သွေးဟာ စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဧရာ၀တီတိုင်းအစိုးရအဖွဲ့ဝင်များဖြစ်တဲ့လွှတ်တော်ဥက္ကဋ္ဌ ၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၅ ဦးတို့နဲ့အတူ တိုင်းဒေသကြီးလွှတ်တော်၀န်းထဲမှာ အကျယ်ချုပ်နဲ့ ၂ နှစ်နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရသူလို့ NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အကျယ်ချုပ်နဲ့ ဖမ်းဆီးထားတဲ့ အစိုးရအဖွဲ့၀င်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ၂၈ ရက်နေ့အထိ တစ်ဦးချင်းခွဲကာလွှတ်ပေးခဲ့ပြီး ဒေါက်တာလှမြတ်သွေးတစ်ဦးသာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရကာ လက်ရှိမှာ တစ်ဦးတည်း တိုက်ပိတ်ခံထားရပြီး ချုပ်ရက်ခံစားခွင့်လည်းမရဘူးလို့ သိရပါတယ်။
ဒေါက်တာလှမြတ်သွေးဟာ စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဝန်ထမ်းတွေအားလုံးကို ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေ အစိုးရအသစ်ဖွဲ့စည်းပြီးတဲ့အချိန်အထိ အလုပ်ပိတ်တယ်လို့ အကျယ်ချုပ်ကျခံနေရတဲ့ကြားက ၀န်ကြီးချုပ်ကိုယ်စားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာကြောင့် ခုလို ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောဆိုထားပါတယ်။