ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့တွင် ပြည်သူများမှ အိမ်ပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ်သပိတ် ပြုလုပ်မည့်အစီအစဉ်ကို ဖျက်ရန်အတွက် စစ်ကောင်စီက ပဲခူးမြို့မှ စျေးဆိုင်များကို ဖိအားပေးကာ ဆိုင်ဖွင့်ခိုင်းနေပြီး ဆိုင်မဖွင့်ပါက ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပဲခူးမြို့မစျေးကြီးအပါအဝင် စျေးအားလုံးမှ စျေးသည်များ၊ လမ်းဘေးစျေးဆိုင်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုင်ဖွင့်ရန် ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး ဆိုင်မဖွင့်ပါက ဒဏ်ငွေရိုက်ကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့ပဲခူးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက အသံတိတ်သပိတ် ပျက်စေဖို့အတွက် ကြိုးပမ်းနေပါတယ်။ စျေးဆိုင်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကို မဖြစ်မနေ ဆိုင်ထွက်ရမယ်လို့ ပြောတယ်။ ခံဝန်လက်မှတ် ထိုးခိုင်းတယ်။ ဆိုင်မဖွင့်ရင် ဒဏ်ငွေလည်းရိုက်မယ်၊ လူကိုလည်း ဖမ်းပြီးထောင်ချပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်”ဟု ပဲခူးမြို့ပေါ်မှ စျေးသည်အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ဖိအားပေးမှုကြောင့် ခံဝန်လက်မှတ်ထိုးရသည့်စျေးဆိုင်များမှာ ပဲခူးမြို့ ဇိုင်းကနိုင်းတောင်ပိုင်း၊ ဇိုင်းကနိုင်းမြောက်ပိုင်း၊ လမ်းမတန်းပေါရှိ ဆိုင်များ၊ မင်းလမ်းမပေါ်ရှိ ဆိုင်များ၊ စျေးကြီးအတွင်းရှိ ဆိုင်များ၊ လမ်းမတန်းပေါ်မှ ဆိုင်များဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူများအနေဖြင့် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဆင်နွှဲကာ အိမ်ပြင်မထွက်ကြဖို့၊ လုပ်ငန်းခွင်ထဲမှာသာ နေကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB က တိုက်တွန်း နှိုးဆော်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်း ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့တို့တွင်လည်း GSCB အဖွဲ့၏ တိုက်တွန်းမှုဖြင့် မြန်မာနိုင်ငံတဝှန်းမှ ပြည်သူများက အိမ်ပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

(ပုံစာ – ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပဲခူးမြို့၌ တိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲခဲ့သည့်မြင်ကွင်း)