ဧရာဝတီတိုင်းမ်
(လားရှိုး)၊ ဇန်နဝါရီ ၃၀ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နမ့်မောရွာနှင့် မန်ကောင်းရွာအကြားတွင် လက်နက်ကြီးပစ်ခတ်ပြီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နေလည် (၁)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်၏ ခမရ (၅၀၄)မှ အင်အား (၆၀)ဝန်းကျင်ဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၏ တပ်မဟာ (၆)၊ တပ်ရင်း (၅၉၅)တပ်စခန်းအား လက်နက်ကြီး ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း PSLF/TNLA၏ သတင်းနှင့် ပြန်ကြား‌ရေးဌာနက ယမန်နေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

PSLF/TNLA၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ် ခမရ (၅၀၄)သည် အင်းအား (၆၀)ဝန်းကျင်ဖြင့် နမ့်မောရွာမှ TNLAတပ်စခန်းတည်ရှိရာ မန်ကောင်းရွာသို့ တစ်ဖက်သက် လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် နေ့လည် ၁နာရီခွဲ ဝန်းကျင်အချိန်မှ ညနေ ၄နာရီခွဲကျော် ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်တပ်၏ ထိခိုက်သေဆုံးမှုနှင့် အရပ်သားထိခိုက်သေဆုံးမှု အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် အာဏာသိမ်း စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိခဲ့သလို စစ်ကောင်စီ၏ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း ပြောဆိုထားသည်။