နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဇန်နဝါရီလ ၃၁ ရက်
စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီး အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသက ဒေသခံ ၃ သောင်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံတွေ့နေကြောင်း သိရပါတယ်။
ဇန်နဝါရီလ တတိယပတ်ထဲမှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်လာလို့ ဒေသခံတွေဟာ ရတဲ့အဝတ်အစားတွေယူပြီး ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။
”စစ်ကြောင်းတွေဝင်လာတော့ ရတဲ့ပစ္စည်းလေးယူပြီး ဘေးလွတ်ရာပြေးလာရတာ။ အခုပါတာလေးတွေကုန်တော့ အစားအစာအခက်ကြုံနေရတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို သေနတ်ပစ်ဖောက်ဝင်ရောက်စီးနင်းတာတွေပြုလုပ်ပြီး သတင်း မထွက်အောင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ထားခဲ့တာလို့ ဆိုပါတယ်။
သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ လက်ပံတောင်းတောင်ဒေသက တောတောင်တွေထဲမှာ ပုးအောင်းနေရပြီး နိုင်သလောက်သယ်လာတဲ့ စားနပ်ရိက္ခာတွေကိုသာ ချွေတာစားသောက်နေရကြောင်းနဲ့ စစ်တပ်က ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် မိမိနေရပ်ကို မပြန်နိုင်သေးကြောင်း သိရပါတယ်။
“ဒေသခံတွေက စစ်တပ်ဝင်လာတော့ ကြုံရာပစ္စည်းကောက်ယူပြီး ထွက်ပြေးရတာ။ စားနပ်ရိက္ခာက အများကြီးမပါဘူး။ အဲတော့ အခုပါလာတာတွေက စားလို့ကုန်ပြီ။ စစ်တပ်ကလည်း ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတော့ ဒေသခံတွေက အိမ်ကိုလည်း မပြန်နိုင်သေးဘူး။ အခုရှောင်တိမ်းနေရတဲ့နေရာတွေမှာပဲ ဖြစ်သလိုနေရတုန်းပဲ”လို့ တောကျောင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရွာထဲဝင်ရောက်စီးနင်းချိန်မှာ မပြေးနိုင်လို့ ကျန်ခဲ့တဲ့သူတွေထဲက ၁၀ ဦးကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၈ ရက်နေ့ကစတင်ကာ တရုတ်ဝမ်ပေါင်ကြေးနီးစီမံကိန်းနားက ကျေးရွာတွေကို ဝင်ရောက်စီးနင်းတပ်စွဲခဲ့တာဖြစ်ပြီး ခုချိန်ထိ ပြန်လည်ထွက်ခွာသွားတာမျိုးတော့မရှိသေးဘူးလို့ ဆိုပါတယ်။