ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ဝ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီးအနားတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပေါ် ရာမညဖက်ဒရယ်အင်အားစုသစ်မှ ပြည်သူများအား စစ်အာဏာရှင်ကျရှုံးရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အချက်များပါဝင်သည့် သဘောထားကြေငြာချက်တစ်စောင်ကို ရာမညဖက်ဒရယ်အင်အားစုသစ် – NRFFမှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် တော်လှန်ရေးအစုအဖွဲ့များအနေဖြင့် သက်ကြီးရွယ်အိုသူများ၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများ၏ လုံခြုံရေးကို ဦးစားပေးပြီး တိုက်ပွဲဗျုဟာများ ချမှတ်ကြရန် တိုက်တွန်းထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၆ ရက်ကြာဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတိုက်ပွဲကြောင့် နေအိမ်မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများ၊ နေအိမ်ပျက်စီးဆုံးရှုံးခဲ့ကြရသည့် အရပ်သားပြည်သူများနှင့် တသားတည်း ရပ်တည်ပြီး ထိုဖြစ်ရပ်များကို ရုတ်တရက် ရင်ဆိုင်ခဲ့ကြရသည့် ပြည်သူများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်ဟု ရာမညဖက်ဒရယ်အင်အားစုသစ် – NRFFမှ ဆိုသည်။

KNULion Battalion Commando ဗျူဟာစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းစသည့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့မှ ကမ်းနီစံပြကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၏နေအိမ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ကို စတင်မီးရှို့ရာမှ အနီးအနားရှိပြည်သူများ၏ နေအိမ်များသို့ပါ ကူးစက်လောင်မြိုက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ကမ်းနီစံပြကျေးရွာသို့ လက်နက်ကြီးဖြင့် အကြိမ်ရေ ၂ဝဝ ထက်မနည်း ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအနီးအနား တစ်ဝိုက်ရှိ ကျေးရွာများကို လေကြောင်းဖြင့် ၁ဝ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များမှ သိရှိရသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအနားတစ်ဝိုက်ရှိ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများအပါအဝင် အရေးပေါ်လိုအပ်နေသည့် အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများ၊ အမိုးအကာများနှင့် အခြားအခြေခံလိုအပ်ချက်များအား ကုလသမဂ္ဂအပါအဝင် ဒေသအတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးရန် တောင်းဆိုထားသည်။

ပြည်သူများအနေဖြင့်လည်း အာဏာသိမ်းစစ်တပ်ကျရှုံးရေးအတွက် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွင် မပူးပေါင်းခြင်း၊ စစ်ကောင်စီနှင့်ဆက်စပ်သော ထုတ်ကုန်များ အသုံးမပြုခြင်းအခွန်မဆောင်ခြင်းအပါအဝင် အခြားနည်းလမ်းပေါင်းစုံမှ ကျရာကဏ္ဍတွင် စစ်အာဏာရှင်စနစ် ကျရှုံးရေးအတွက် ပူးပေါင်းပါဝင်ကြပါရန် ရာမညဖက်ဒရယ်အင်အားစုသစ် – NRFF မှ တိုက်တွန်းထားသည်။

အလားတူ ကော့ကရိတ်တိုက်ပွဲအတွင်း မွန်တ််ိုင်းရင်းသားအများစုနေထိုင်သည့် ကမ်းနီကျေးရွာ မီးလောင်မှုဖြစ်စဥ်အပေါ် မွန်ပြည်သစ်ပါတီကလည်း လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လူနေရပ်ကွက်များကို ရှောင်ရှား၍ တိုက်ပွဲဖော်ဆောင်သင့်ကြောင်း တိုက်တွန်းထုတ်ပြန်ထားသည်။