ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်
ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ မင်းလှမြို့၊ ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းဝင်း ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများ ထံက သိရသည်။
မင်းလှမြို့နယ်အရှေ့ဘက် ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်း၀င်းသည် ယမန်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်က ငလှစမ်းရွာတွင် ဖဲရိုက်နေစဉ် သေနတ်ဖြင့်၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ သာယာ၀တီခရိုင် ဂဠုန်တပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။
“နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ နှုတ်ခမ်းနီ (ကျည်ဆံ) ၃ တောင့်နဲ့ ရှင်းခဲ့တာပါ။ ထွန်း၀င်းက ပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးတပ် ဖမ်းဆီးနှိပ်စက်ပြီး ငွေတောင်းတယ်။ တရားမ၀င် လုပ်ငန်းတွေလုပ်တယ်။ လောင်းကစားဝိုင်းတွေထောင်တယ်။ ဒါကြောင့် ရှင်းလင်း ခဲ့တာပါ။ စစ်ကောင်စီဒေါက်တိုင်မှန်သမျှရှင်းမှာပါ။ ပြည်သူတွေ သူတို့နဲ့ ဝေးဝေးနေပါ” ဟု ဂဠုန်တပ်ဖွဲ့တာ၀န်ရှိ သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်း၀င်းသည် “PDF တွေကို မကြောက်လို့ အုပ်ချုပ်ရေးမှူးလုပ်တာ” ဟု အမြဲကြွေးကြော်စိန်ခေါ်လေ့ရှိပြီး စစ်ကောင်စီနှင့်ပူး ပေါင်းကာပြည်သူများအပေါ် အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
“သူက နာမည်ဆိုးနဲ့ကျော်ကြားနေတာ ကြာပြီ။ ခုမှ သတ်မယ့်သူပေါ်လာတာ။ သူ့ကြောင့် ထွက်ပြေးနေရသူတွေရဲ့ အိမ်ကိုချိပ်ပိတ်တယ်။ ရောင်းစားတယ်။ စခန်းမှူးနဲ့ ပေါင်းပြီးတော့ သူခိုးတွေဆီက ဆက်ကြေးပြန်ကောက်တယ်။ လက်နက်ကလည်းရှိတော့ ဘယ်သူချရဲလဲ ၊ တစ်ယောက်ချင်း ချမလားဆိုပြီး လက်နက်နဲ့ စိန်ခေါ်နေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးကို သာယာ၀တီခရိုင် ဂဠုန်တပ်ဖွဲ့ တပ်ခွဲ(၃)နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ထွန်း၀င်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ဇရစ်မြောင်ရွာ၌ ဆိုင်ကယ်စီးနေစဉ် လိုက်လံပစ်ခတ်ခံရသော်လည်း သေဆုံးခြင်းမရှိဘဲ ယခုထပ်မံ ပစ်ခတ်ခံရစဉ် အမှန်တကယ် သေဆုံးခဲ့ခြင်းဖြစ်သည်။