ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်

ကမ္ဘာနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် သားကောင်းရတနာများ၊ သမီးကောင်းရတနာများ ဆုံးရှုံးခဲ့ကြရသည့် မိခင်တို့၏ အသံများကို ကိုယ်ချင်းစာနာလျှက် အမှန်တရားဘက်တွင် ရပ်တည်ပေးကြရန်မေတ္တာရပ်ခံကြောင်း နွေဦးတော်လှန် ရေး ၂ နှစ်ပြည့် လူထုဟောပြောပွဲသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် လူထုဟောပြောပွဲကို ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့က အွန်လိုင်းမှ ကျင်းပခဲ့ခြင်းဖြစ်ပြီး KIO က သဝဏ်လွှာ ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လွတ်လပ်၍ တရားမျှတကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမျိုးသားတန်းတူရေး အပြည့်အ၀ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်း သား ပြည်သူတရပ်လုံး စုစည်းညီညွတ်စွာဖြင့် ရဲရဲဝံ့ဝံ့ ခရီးဆက်ကြပါစို့ ဟု မြန်မာ တနိုင်ငံလုံးရှိပြည်သူများကို KIO က တိုက်တွန်းထားသည်။

KIO အနေဖြင့် ဦးဆောင်သူများ၏ ရှေ့တွင် မကြောက်မရွံ့ ရပ်တည်ခဲ့ကြသည့် ပြည်သူများ၊ ရဲရင့်သောမျိုးဆက်သစ်လူငယ် (Generation-Z)များနှင့် အသက်သွေးချွေး ပေးဆပ်ခဲ့ကြသည့် သူရဲကောင်းများကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂ နှစ်တာကာလအတွင်း အခက်ခဲဆုံးသော အချိန်များကို ကျော်ဖြတ်ခဲ့ကြပြီးဖြစ်၍ ပိုမိုခက်ခဲသည့် အချိန်အခါများ ကြုံတွေ့လာလျှင်လည်း မလွဲမသွေရောက်ရှိလာမည့် ပန်းတိုင်ဆီသို့ စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ခရီးဆက်ကြရမည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကဆိုထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ညပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အနန့်ပါတွင် ပြုလုပ်သည့် ကချင်လွတ် လပ်ရေးအဖွဲ့(KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အကြို ဂီတပွဲကို တိုက်လေယာဉ် များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်များနှင့် ဒေသခံပြည်သူ ၇၀ ကျော် သေဆုံးခဲ့ရသည်။