ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းက ကျောက်တွင်းပြိုကျလို့ ရေမဆေးကျောက်ရှာနေတဲ့ အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

နမ့်မှော်ကျေးရွာက ကျောက်တွင်းလုပ်ကွက်ဟောင်းဟာ မနက် ၉ နာရီလောက်မှာ ပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် လုပ်ကွက်ဟောင်းထဲဝင်ရောက်ကျောက်ရှာနေသူ ၄ ဦးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” အောက်မှော်လို့လည်းခေါ်တယ် ဖြစ်တာက မနက် ၉ နာရီလောက်မှာဖြစ်သွားတာ၊ လုပ်ကွက်ဟောင်း ဆိုတော့ ရေမဆေးရှာတဲ့သူတွေက ဝင်ရှာနေတာ အဲအချိန် မြေကပြိုကျသွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လုပ်ကွက်ဟောင်းက ပေး ၁၀၀ ကျော်မြင့်တဲ့ ကမ်းပါးပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာနေသူ ၄ ဦးလုံးပါသွားပြီး နေရာမှာတင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကမ်းပါးပြိုကျလို့ သေဆုံးခဲ့တဲ့ အမျိုးသား ၄ ဦးကတော့ ကိုမောင်မြင့်၊ ကိုဇော်မြင့်နိုင်၊ ကိုအရှည်ကြီးနဲ့ ကို​ဇော်ဇော်အောင်တို့ဖြစ်ပြီး အားလုံးက အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။