ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်
ဧရာ၀တီတိုင်း၊ မြန်အောင်မြို့အခြေစိုက် အမှတ် (၅၁) ခြေလျင်တပ်ရင်းက မြို့ထဲက လုပ်ငန်းရှင်တွေဆီက စပါးတွေကိုယူပြီး တပ်ထဲမှာခေတ္တစုပုံထားကာ တပ်ရိက္ခာဖြစ်ကြောင်း ၎င်းတို့ရဲ့အထက်လူကြီးတွေကို လိမ်ညာပြသခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တပ်ရိက္ခာတွေ စစ်ဆေးခံရဖို့ရှိနေတဲ့အတွက် ခလရ ၅၁ တပ်က မြန်အောင်မြို့ထဲက ဆန်စက်ပိုင်ရှင်တစ်ဦးကို တင်း ၆၀၀ နှုန်းနဲ့ တပ်ထဲကို ပို့ဆောင်စေခဲ့ပြီး စပါးတွေကိုပုံထားခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ မြန်အောင်မြို့ကို စစ်ကောင်စီလူကြီးတွေ လာရောက်ပြီးတပ်ရိက္ခာတွေ စစ်ဆေးခဲ့ရာမှာ လုပ်ငန်းရှင်တွေဆီက ချေးငှားထားတဲ့ စပါးတွေကို ပြသခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“၂၈ ရက်နေ့က မြန်အောင်ကို လူကြီးပေါင်းစုံ လာကြတယ်။ အဲ့လိုလာတော့ ခလရ ၅၁ တပ်ထဲမှာ စားနပ်ရိက္ခာ ပြည့်စုံကြောင်း ပြချင်တော့ ဆန်စက်ပိုင်ရှင်တွေကို ဆန်စက်တစ်လုံး စပါးတင်း ၆၀၀ တပ်ထဲပို့ခိုင်းပြီး တပ်ထဲမှာ ပုံထားတယ်။ လူကြီးတွေလာတော့ အဲဒါကိုပြပြီး တပ်ရိက္ခာတွေရှိကြောင်း ဂျင်းထည့်တာပေါ့။ လာတဲ့လူကြီးတွေကလည်း အဲဒါတွေကြည့်တယ်၊ ဓာတ်ပုံတွေရိုက်ပြီး ပြန်သွားကြတယ်”လို့ မြန်အောင်မြို့မှ ဆန်စက်လုပ်ငန်းရှင်များနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
တပ်ရိက္ခာအဖြစ် လိမ်လည်ပြသခဲ့တဲ့ အဆိုပါစပါးများကို စစ်ကောင်စီလူကြီးတွေပြန်သွားချိန်မှာ လုပ်ငန်းရှင်တွေက သူတို့စပါးတွေကို ဆန်စက်ကို ပြန်သယ်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။