ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်
အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံအတွင်းရှိ MPT၊ATOM၊Ooredooနှင့် Mytel စသည့် ပြည်တွင်းရှိဆက်သွယ်ရေးအော်ပရေတာများမှတဆင့် Facebook လူမှုကွန်ရက် အသုံးပြုသူများထံ ဖုန်းမက်ဆေ့ချ်ပို့၍ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ – CCCT မှ ဆက်သွယ်ရေး အော်ပရေတာများကို အသုံးပြု၍ လူမှုကွန်ရက်ပေါ်တွင် တော်လှန်ရေးနှင့် ပတ်သတ်သည့် စာများရေးသားခြင်း၊ မှတ်ချက်ပြုခြင်း၊ မျှဝေခြင်းများ ပြုလုပ်မည်ဆိုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည်ဆိုသည့် စာများကို ဖုန်းမက်ဆေ့ချ်များပေးပို့၍ မိုဘိုင်းဖုန်းအသုံးပြုသော သန်းနှင့်ချီသည့် မြန်မာပြည်သူများကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
“ဒီမနက်မှာ ကျနော်တို့ ဆီကို ပြည်တွင်းအော်ပရေတာ ၄ ခုလုံးက စာတွေရောက်ပါတယ်။ ရောက်တဲ့စာတွေကလည်း တစ်ခုနဲ့တစ်ခု မတူပါဘူး။ လူမှု့ကွန်ယက် Facebook နဲ့ Telegran ဟာတွေ ရှယ်တာ၊ Like လုပ်တာ၊ Comment ပေးတာတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ပါတယ်”ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ရန်ကုန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စာများတွင် “အကြမ်းဖက်မှုနှင့်ဆိုင် သော Post ၊ Share ၊ Like ၊ Comment တင် ခြင်းများသည် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း CCCT (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို ကော်မတီ) မှ အသိပေး အပ်ပါသည်”၊ “အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် ဥပဒေအရအရေးယူခံရနိုင်သည်” ဆိုသည့် စာများ ပါဝင်နေကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် ပေါ်ပေါက်မည့် နိုင်ငံရေးလှုပ်ရှားမှုများကို ကြိုတင်ဟန့်တားလို၍ ဆောင်ရွက်ခြင်း ဖြစ်နိုင်သလို စစ်တပ်က အပြီးတိုင် အာဏာသိမ်းကြောင်း ကြေညာနိုင်သည့်အတွက် ပြည်သူလူထုကို ကြိုတင်ခြိမ်းခြောက်နေခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
“ဒီစာတွေပို့တယ်ဆိုတာက လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ပြည့်ပြီ။ အာဏာသိမ်း နှစ်ပတ်လည်မှာဖြစ်လာမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေကို ကြိုပြီးကာချင်လို့ အခုလို လုပ်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ချက်က ဖေဖော်ဝါရီ ၁ ရက်မှာပဲ စစ်ကောင်စီရဲ့ သက်တမ်းပျက်ပြီဆိုတော့ သူတို့က တကယ်အာဏာသိမ်းပြီဖြစ်ကြောင်း ကြေညာမယ်ဆိုတဲ့အသံတွေလည်း ထွက်နေတယ်။ အဲ့လိုသာ တကယ် အာဏာသိမ်းပြီဆိုတာ ကြေညာတော့မှာမို့ လူထုကိုကြိုပြီး ဟန့်တားခြိမ်းခြောက်တာလားဆိုတာလည်း စဉ်းစား စရာရှိတယ် “ဟု ဧရာ၀တီတိုင်းမှ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
#စစ်ကောင်စီ #ဆက်သွယ်ရေးအော်ပရေတာ #လူမှုကွန်ရက် #အသုံးပြုသူ #စာပို့ #ခြိမ်ခြောက် #Ayeyarwaddy_Times